မြောက်ဥက္ကလာပမြို့နယ်နေ ပြည်သူ ၁ ဦး ထောင်ဒဏ်တသက်ချမှတ်ခံရ

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူတယောက်ကို စစ်ကောင်စီက ထောင်ဒဏ်တသက် ချမှတ်လိုက်ပါတယ်။
မြောက်ဥက္ကလာပမြို့နယ်၊ ၅ ရပ်ကွက်၊ သီတာလမ်းမှာနေတဲ့ ဦးမြင့်ဇော်(ခ) မြင့်ဇော်မြင့်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က စစ်ခုံရုံးကနေ ဆုံးဖြတ်လိုက်တာလို့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားသတင်းမှာ ဖော်ပြပါတယ်။
ဦးမြင့်ဇော်ဟာ ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလအတွင်း မြောက်ဥက္ကလာပမြို့နယ်မှာလုပ်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်တာ၊ စစ်ကောင်စီက အကြမ်းဖက်အုပ်စုတွေလို့ သတ်မှတ်ကြေညာထားတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာ၊ ငွေကြေး ထောက်ပံ့တာတို့ကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့ စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) အရ ဖေဖော်ဝါရီ ၁၁ ရက်မှာ ထောင်ဒဏ်တသက်ချမှတ်တာလို့ ဆိုပါတယ်။
နိုင်ငံတဝန်း ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၉၀၈၇ ဦးရှိပြီး အဲဒီထဲက ၇၀၃ ဦး ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။