ဆန္ဒပြပွဲများကြောင့် ပိတ်ထားရသည့် အိန္ဒိယ အစိုးရကျောင်းအချို့ ပြန်ဖွင့်

အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာ ပြည်နယ်မှာ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့အပြီး ပိတ်ထားခဲ့ရတဲ့ ကျောင်းတချို့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြန်ဖွင့်ပါတယ်။
ပြဿနာစခဲ့တဲ့ ပြည်နယ်အတွင်းက ယူဒူပီမြို့မှာ ဟီဂျပ်ဝတ်ထားတဲ့ ကျောင်းသူ တဒါဇင်လောက်နဲ့ ပန်းရောင်ကျောင်းဝတ်စုံ ဝတ်ထားတဲ့ ကျောင်းသားတွေ အစိုးရမိန်းကလေးကျောင်းထဲ ဝင်လာချိန်မှာ ရဲတွေက စောင့်ကြပ်ပေးနေပါတယ်။
မွတ်စလင်အမျိုးသမီးတွေ ဝတ်ရတဲ့ ခေါင်းဆောင်း ဟီဂျပ်နဲ့ ဆံစကနေ ခြေဖျားထိ ဖုံးအောင်ဝတ်ရတဲ့ ဘူခါကို စာသင်ခန်းထဲမှာ ဝတ်ဖို့ ခွင့်မပြုတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အရင်အပတ်က ပေါ်ပေါက်ခဲ့တာပါ။
ဟိန္ဒူဘာသာဝင် လွှမ်းမိုးတဲ့ အိန္ဒိယနိုင်ငံမှာ ဒီလုပ်ရပ်ဟာ ဘူခါနဲ့ ဟီဂျပ် ဝတ်တာကို တားမြစ်ပိတ်ပင်ဖို့ အာဏာပိုင်တွေရဲ့ ခြေလှမ်းအဖြစ် မွတ်စလင်လူနည်းစုက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြပါတယ်။
ဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ ဘီဂျေပီပါတီက အဓိကပြည်နယ်တွေမှာ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန်မှာ ခုလို ဖြစ်ခဲ့တာပါ။
ဒေသတွင်း ကျောင်းတွေနဲ့ ပေ ၆၅၀ အကွာပတ်လည်အတွင်း လူ ၅ ယောက်ထက် ပိုမစုဖို့ အာဏာပိုင်တွေက တားမြစ်ပိတ်ပင်ထားပါတယ်။ အခြေခံပညာကျောင်းတွေကိုသာ ပြန်ဖွင့်တာ ဖြစ်ပြီး ဘွဲ့ကြိုနဲ့ ဘွဲ့လွန် အဆင့်မြင့်ပညာသင်ကျောင်းတွေကိုတော့ ဆက်ပြီး ပိတ်ထားဆဲပါ။
နောက်ထပ် အမိန့်တစုံတရာ မထုတ်မချင်း စာသင်ခန်းတွေထဲမှာ မွတ်စလင်နဲ့ ဟိန္ဒူ အပါအဝင် ဘယ်လို ဘာသာရေးဆိုင်ရာ ဝတ်စုံကိုမှ ဝတ်ခွင့်မပြုဖို့ ပြည်နယ်တရားရုံးက ပြောအပြီး ခုလို ပြဿနာတွေ ဖြစ်လာခဲ့တာပါ။
ဒီအရေးကို တနင်္လာနေ့မှာ ဆက်ပြီး ကြားနာဖို့ သတ်မှတ်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။