ယင်းမာပင်တွင် စစ်ကောင်စီတပ်စွဲနေရာများကို PDF ပူးပေါင်းအဖွဲ့များက တိုက်ခိုက်

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့တွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စွဲနေရာတွေကို ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေက နေ့စဉ်လိုလို တိုက်ခိုက်နေကြတယ်လို့ သိရပါတယ်။
တိုက်ခိုက်ခြင်းတွေကို ဖေဖော်ဝါရီ ၁၁ ညပိုင်းကတည်းက စတင်တိုက်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ ရက်ညပိုင်းက ပိုမိုကြာမြင့်ခဲ့ကာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ ဒီနေ့ နေ့ခင်းပိုင်းမှာလည်း တိုက်ခိုက်တာတွေ ရှိနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ရီ ၁၄ ရက်ညပိုင်း ၁၀ နာရီဝန်းကျင်လောက်ကနေ ပစ်ခတ်သံတွေကြားနေရပြီး ခရိုင်စုပေါင်းရုံးအပါအဝင် ရဲစခန်းနဲ့ မီးသတ်ရုံးတွေဘက်ဆီက ဖြစ်နိုင်ပြီး မီးသတ်ရုံး လှေကားတော့ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အခြားထိခိုက်မှု ရှိ/မရှိကိုတော့ မသိရသေးဘဲ ပစ်ခတ်သံတွေဟာ ညဘက်ပိုင်းတွေမှာသာဖြစ်ပြီး ဒီနေ့မနက် ၁၁ နာရီဝန်းကျင်လောက်မှာလည်း ပစ်ခတ်သံတွေ ကြားရတယ်လို့ ဒေသခံက ပြောပါတယ်။
ယင်းမာပင်မြို့မှာ လောလောဆယ် စစ်ရေးတင်းမာနေဆဲရှိပြီး PDF ပူးပေါင်းအဖွဲ့တွေက ဒရုန်းယာဥ်တွေအပါအဝင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ကြတာဖြစ်ပြီး ၄ ရက်လောက်ရှိပြီလို့ PDF အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
ထိခိုက်မှုအခြေအနေ အတိအကျမသိရသလို စစ်ကောင်စီတပ်ဖွဲ့တွေက အပြင်ကို မထွက်လာဘဲ အတွင်းမှာသာ ပုန်းခိုနေကြကြောင်း၊ သူတို့ မြို့အပြင်ထွက်လာတာနဲ့တစ်ပြိုင်တည်း တိုက်ခိုက်မှုတွေ ပြင်းထန်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် ယင်းမာပင်မြို့တွင်းမှာရှိတဲ့ ဒေသခံပြည်သူတော်တော်များများဟာ မြို့ပေါ်မှာမနေရဲကြဘဲ ထွက်ပြေးတိမ်းရှောင်နေကြသလို လမ်းသွားလမ်းလာလည်း မရှိသလောက် နည်းပါးနေတယ်လို့ သိရပါတယ်။