close

နေပြည်တော် ၈ မြို့နယ် ရဲစခန်းမှူးများကို PDF သတိပေး

နေပြည်တော် ၈ မြို့နယ်က ရဲစခန်းမှူးတွေ ပြည်သူလူထုနဲ့ ပူးပေါင်းကြဖို့ ပြည်သူ့ကာကွယ်ရေးညီနောင်မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ စစ်တောင်းမြို့ပြပြောက်ကျားတပ်ဖွဲ့၊ ဖိုးစောင့်တောင်လူငယ်ပြောက်ကျားတပ်ဖွဲ့နဲ့ ဗိဿနိုး PDF တို့က ဖေဖော်ဝါရီ ၁၁ ရက်နေ့စွဲနဲ့ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။

ရဲစခန်းမှူးတွေအနေနဲ့ မိမိတို့ရဲ့ မိသားစု အသက်အိုးအိမ်စည်းစိမ်တွေကို မပျက်စီးစေချင်ရင် ပြည်သူလူထုနဲ့ ပူးပေါင်းကာ တရားမျှတမှုရှိရှိ လုပ်ဆောင်ကြဖို့ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် သတိပေးချက်ထုတ်ပြန်တာလို့ ဗိဿနိုး PDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က  ဒီဗွီဘီကို ပြောပါတယ်။

ရဲစခန်းမှူးတွေအနေနဲ့ ကိုယ့်အသက်၊ ကိုယ့်မိသားစုရဲ့ အသက်အိုးအိမ်တွေကို အကြမ်းဖက်အာဏာရူးအတွက် ပေးဆပ်မှာလား။ နိုင်ငံရဲ့ တရားမျှတမှုကို ဖော်ဆောင်တဲ့ ရဲတစ်ယောက်အဖြစ် ဂုဏ်ယူဝင့်ကြွားမလားဆိုတာကို အထူးစဥ်းစားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရားဥပဒေကို ချိုးဖောက်ပြီး မတရားစီရင်နေတဲ့တရားသူကြီးတွေအနေနဲ့လည်း မတရားစီရင်ခဲ့တဲ့ အမှုတိုင်းအတွက် ပြန်လည်ပေးဆပ်ရမယ်လို့ ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။

နေပြည်တော်မှာ ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းက ဇဗ္ဗူသိရိ အမှတ် ၃ ရဲစခန်းအပါဝင် နေရာ ၃ ခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမှတ် ၃ ရဲစခန်းကို M79 ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရ ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up