မင်းတပ်တွင် တိုက်ပွဲပြင်းထန်၊ ဝမ္မသူးတိုက်နယ်ဆေးရုံ ပစ္စည်းများကို စစ်တပ်က မီးရှို့

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက်ကနေ ညနေပိုင်းအထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးပြီး ၂ ယောက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
မင်တပ်မြို့နယ် လှိယောနဲ့ အွယ်ရေး ကျေးရွာနားက ကီးပီတောင်နားမှာ CDF-မင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအထိ ၄ နာရီကြာ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မင်းတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဘက်က ကီးပီတောင်ပေါ်ကနေ စနိုက်ပါတွေ၊ စက်သေနတ်တွေနဲ့ အထိုင်ချပြီး ပြန်လည်ပသ်ခတ်ပေမယ့် CDF-မင်းတပ်က ရဲဘော်တွေ အထိခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ လှိယောနဲ့အွယ်ရေး ကျေးရွာက ဒေသခံပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူတာတွေ ပြုလုပ်သလို နေအိမ်တွေကိုလည်း ဖျက်ဆီးသွားကြတယ်လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ မနေ့ကလည်း ဝမ္မသူးတိုက်နယ်ဆေးရုံက စားပွဲ၊ ဗီဒို၊ ထိုင်ခုံ၊ ကုတင်၊ စောင်၊ တွန်းလှည်း၊ စက်ပစ္စည်းတွေနဲ့ ဆေးဝါးတွေကို မီးပုံရှို့သွားကာ ဆေးရုံအတွင်းမှန်နဲ့ ဆေးစင်တွေကိုလည်း ရိုက်ခွဲဖျက်ဆီးသွားကာ မီးစက် ၂ လုံးကိုလည်း သုံးမရအောင် ဖျက်ဆီးသွားကြတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။