close

YBS ဘတ်စ်ကားစီးနင်းခ ပုံသေနှုန်းထား ၄၀၀ ကျပ် ကောက်ခံမည်

ဖေဖော်ဝါရီ ၂၂ ရက်နေ့က စတင်ပြီး YBS ဘတ်စ်ကားစီးနင်းခကို ပုံသေနှုန်းထား ၄၀၀ ကျပ်နဲ့ တိုးမြှင့်ကောက်ခံသွားမယ်လို့ YBS ယာဉ်အချို့မှာ အသိပေးစာကပ်ထားပါတယ်။

စာအရ ယာဉ်စားခနှုန်းထားကို ငွေသားနဲ့ပေးချေမယ်ဆိုရင် ပုံသေနှုန်းထား ၄၀၀ ကျပ်၊ YPS ကတ်နဲ့ ပေးချေမယ်ဆိုရင် ၃၆၀ ကျပ် သတ်မှတ်ထားတာပါ။

မကြာသေးမီ ရက်ပိုင်းကတည်းက YBS ယာဥ်စီးခနှုန်းထားတွေကို အရင်ပုံသေ ၂၀၀ ကျပ်အစား  ခရီးစဥ်တပိုင်းကို ၂၀၀ ကျပ်၊ ခရီးစဥ်စဆုံး ၄၀၀ ကျပ်အဖြစ် YBS ယာဉ်လိုင်းအချို့က တိုးမြှင့်သတ်မှတ်ထားကြပါတယ်။

"တစ်ချို့ကားတွေဆိုရင် အရင်က  ဂိတ်စဂိတ်ဆုံးမှ ၂၀၀၊ အခုက တစ်ဖြတ်ကို ၂၀၀၊ ဂိတ်စဂိတ်ဆုံးဆို ၄၀၀ ပေးရတယ်။ မနက်ဖြန်ကစပြီး ငွေသားနဲ့ဆို ပုံသေ ၄၀၀ ဖြစ်သွားမယ့် သဘောပဲ။ နှစ်ဆင့်စီးရင် အသွားအပြန်ကားခနဲ့  ဒုက္ခတွေပါဗျာ" လို့ ခရီးသွားပြည်သူတစ်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကတော့ ယာဉ်စီးခတွေ တိုးမြှင့်ကောက်ခံဖို့ ညွှန်ကြားထားခြင်းမရှိဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းက ငြင်းချက်ထုတ်ထားပါတယ်။

YPS ကတ်စနစ်အရသာ ခရီးမိုင်အကွာအဝေးအလိုက် ယာဉ်စီးခတွေ ပိုင်းဖြတ်ဖို့အတွက် YBS ယာဉ်လိုင်းကုမ္ပဏီတွေနဲ့ Yangon Payment Services လုပ်ကိုင်ခွင့်ရရှိထားတဲ့ Asia Starmar Transport Intelligent Co., Ltd တို့ ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်တယ်လို့ ကော်မတီက ထုတ်ပြန်ထားတာပါ။

ရန်ကုန်မြို့ရဲ့ ခရီးသည်ပို့ဆောင်ရေးကဏ္ဍမှာ အရပ်သားအစိုးရလက်ထက် ပြီးခဲ့တဲ့ ၂၀၂၀ ဇူလိုင်လကတည်းက ကတ်စနစ်အသုံးပြု ငွေပေးချေတဲ့ စနစ်ကို သတ်မှတ်ယာဉ်လိုင်းတွေမှာ စတင်ခဲ့တာဖြစ်ပါတယ်။

Yangon Payment Services ကတ်စနစ်ကို ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေအပြင် ရထား၊ water bus တို့မှာပါ သုံးစွဲနိုင်အောင် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာပါ။

အခုအခါမှာ စုစုပေါင်း ယာဉ်အစီးရေ ၂၇၀၀ ကျော်အနက် ၁၉၀၀ ကျော်မှာ ကတ်စနစ် တပ်ဆင်ပြီးပြီလို့  ကော်မတီက သိရပြီး ကျန်ရှိနေတဲ့ YBS ယာဥ်လိုင်းတွေမှာ YPS စက်တွေ တပ်ဆင်အသုံးပြုနိုင်ရေး ယာဥ်ပိုင်ရှင်တွေနဲ့ ဆွေးနွေးနေတယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် ကော်မတီအနေဲ့ ကတ်အသုံးပြုပြီး ယာဉ်စီးခပေးချေတာအပြင် mobile wallet တွေက တစ်ဆင့် QR ကုတ် အသုံးပြုပြီး ယာဉ်စီးခပေးချေတဲ့စနစ် ဆောင်ရွက်ဖို့  စီစဉ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up