ထိုင်းသို့ တရားမဝင် ဝင်လာသည့် မြန်မာ ၁၄၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၄၃ ဦး ဖမ်းဆီးရမိတယ်လို့ ထိုင်းစစ်တပ်ပြန်ကြားရေးသတင်းဌာန Army PR Center က ဖေဖော်ဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
အမျိုးသား ၆၇ ဦး အမျိုးသမီး ၃၃ ဦး စုစုပေါင်းအယောက် ၁၀၀ ကို မနေ့မနက်က ထိုင်းနိုင်ငံအနောက်ပိုင်း ပရကျုပ်ခီရီခန်ခရိုင် ပရကျူပ်ခီရီခန်မြို့နယ် ထုင့်မမော် နဲ့ အောဝ်နွဲ့ ကျေးရွာအုပ်စုထဲမှာ ဖမ်းမိတာလို့ ဆိုပါတယ်။
အမျိုးသား ၂၂ ဦးနဲ့ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၄၃ ဦး ကိုတော့ ၂၂ ရက်နေ့ နဲ့ ၂၃ ရက်နေ့က ထိုင်းအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင် ဆိုင်းယုဒ် မြို့နယ်နဲ့ ကန်ကျနပူရီမြို့ရှိ နေရာ ၃ ခုမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
သူတို့တတွေဟာ မြန်မာနိုင်ငံ ပဲခူး၊ မော်လမြိုင်၊ ရန်ကုန်၊ ဧရာဝတီ၊ ထားဝယ်၊ မန္တလေး၊ ရခိုင်၊ နေပြည်တော် စတဲ့ဒေသတွေကနေလာတာဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်း ဘန်ကောက်၊ စမွတ်စခွန်း၊ ပထုန်ဌာနီ၊ နွန်ထပူရီ ၊ ချွန်းပူးရီး နဲ့ ဆုန်ခလာ စတဲ့ခရိုင်မှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၈၀၀၀ မှ ၂၅၀၀၀ ထိ ပေးခဲ့ရတယ်လို့ သတင်းမှာ ဖော်ကြပါတယ်။
မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးမတည်ငြိမ်တာ၊ အသက်အိုး အိမ်လုံ ခြုံမှုမရှိတာ၊ စားဝတ်နေရေးခက်ခဲတာတွေကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံဘက်မှာ ရှာဖွေလုပ်ကိုင်စား သောက်ဖို့ ဝင်ရောက်လာရင်း ဖမ်းဆီးခံရတာတွေ နေ့စဉ် ရာဂဏန်းထိ ရှိနေတာပါ။