close

နေ့ချင်းပြန် ရွှေ့ပြောင်းအလုပ်သမား ၃ သောင်းကျော်ခေါ်ယူရန် ထိုင်း စီစဉ်

ထိုင်းနိုင်ငံနယ်စပ်တလျှောက် ရာသီအလိုက်လုပ်ငန်းခွင်တွေမှာ အလုပ်သမား လိုအပ်နေပြီး အဲဒီပြဿနာဖြေရှင်းဖို့အတွက် နေ့ချင်းပြန်အလုပ်သမားခေါ်ယူဖို့ စီစဉ်နေတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက ပြောပါတယ်။

မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနယ်စပ် ရာသီအလိုက်လုပ်ငန်းခွင်မှာ အလုပ်သမားပေါင်း ၃၂၄၇၉ ဦး လိုအပ်နေတာကြောင့် အလုပ်သမားရှာဖွေခန့်ထားရေးဥပဒေပုဒ်မ ၆၄ အရ နယ်စပ်နေ့ချင်းပြန် အလုပ်သမားတွေ ခေါ်ယူနိုင်ဖို့ ထိုင်းနိုင်ငံ ကိုဗစ်-၁၉ အခြေအနေ ကွပ်ကဲထိန်းချုပ်ရေးဗဟိုကော်မတီကို တင်ပြထားကြောင်း၊ ဗဟိုကော်မတီကလည်း သဘောတူလိုက်တာကြောင့် အဆိုပါအလုပ်သမား အမြန်ခေါ်ယူရေးပြင်ဆင်နေတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး ဆူချတ်ချုမ်းကလင်က ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောပါတယ်။ 

နယ်စပ် ၈ ခရိုင်ထဲမှာ ဆီစကစ်၊ စူရင်း၊ ဆာကယောက်၊ တလတ် ၊ ချင်းရိုင်း ၊ တာ့ခ် ၊ ကန်ကျနပူရီ၊ ရနောင်း စတာတွေ ပါဝင်ကြောင်း၊  ကိုဗစ် - ၁၉ ကူးစက်ရောဂါကာကွယ်ရေးအတွက် အလုပ်လာလုပ်မယ့် အလုပ်သမားတွေဟာ  ၇၂ နာရီအတွင်း ကိုဗစ်-၁၉ ကင်းစင်ကြောင်း ထောက်ခံစာ၊ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးကြောင်း သက်သေအထောက်အထား၊ နယ်စပ်ဖြတ်ကျော်လက်မှတ်တွေ လိုအပ်မယ်လို့ ဆိုပါတယ်။

အဆိုပါအလုပ်သမားတွေဟာ ကွာရန်တင်းဝင်ရမှာဖြစ်ပြီး ခရိုင် ၈ ခုထဲမှာ ကွာရန်တင်းစင်တာ ၁၇ နေရာထားရှိမှာဖြစ်ပြီး တစ်ကြိမ်လျှင် လူပေါင်း ၁၃၆၈ ဦးဝင်ဆံ့မယ့် အခန်းပေါင်း ၄၇၆ ခန်း ပြင်ဆင်ထားမယ်လို့ ဆိုပါတယ်။ 

မြန်မာဘက်ခြမ်းက ဝင်လာမယ့်အလုပ်သမားတွေအတွက် ချင်းရိုင်၊ တာ့ခ်၊ ကန်ကျနပူရီနဲ့ ရနောင်းခရိုင်ထဲမှာ ကွာရန်တင်းစင်တာ ၆ ခု တကြိမ်ကို လူပေါင်း ၃၃၀ ဦးလက်ခံနိုင်မယ့် အခန်းပေါင်း ၁၈၅ ဦး ပြင်ဆင်ထားမယ်လို့ ဆိုပါတယ်။ 

အဆိုပါအစီအစဉ် အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး အစည်းအဝေးတရပ်ကို မနေ့က အလုပ်သမားဝန်ကြီးဌာနမှာ ကျင်းပခဲ့ပြီး ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ သံရုံး၊ လဝက၊ ကျန်းမာရေး၊ လုံခြုံရေးနဲ့ ပုဂ္ဂလိကအစုအဖွဲ့တို့ပါ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

အဆိုပါအစည်းအဝေးမှာ နေ့ချင်းပြန် အလုပ်သမားခေါ်ယူရေးကိစ္စအပြင် MOU အလုပ်သမား လိုအပ်ချက်နဲ့ပတ်သက်လို့ ဆွေးနွေးရာမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁ ရက်ကစ အလုပ်သမားလိုလားမှု လျှောက်ထားချက်တွေအရ  တနိုင်ငံလုံးရှိ လုပ်ငန်းခွင်ပေါင်း ၁၈၁၃ နေရာကနေ အလုပ်သမားပေါင်း ၁၁၃၇၁၇ ဦး လိုအပ်တယ်လို့ ဆိုပါတယ်။

ဒီ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း ၄  နှစ်ပြည့်သက်တမ်းကုန်မယ့် အမ်အိုယူအလုပ်သမားပေါင်း ၁၀၆၅၈၀ ဦးရှိကြောင်း၊ သူတို့တွေအနေနဲ့ မိမိနေရင်းနိုင်ငံထံ ပြန်စရာမလိုဘဲ ထိုင်းနိုင်ငံမှာ နောက်ထပ်နေထိုင်လုပ်ကိုင်သွားနိုင်ဖို့လည်း ဆွေးနွေးဆောင်ရွက်နေတယ်လို့  khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up