ထိုင်းတွင် ကလေးငယ်များ ကိုဗစ်ကူးစက်မှုမြင့်တက်၊ ကူးစက်ခံရသူ ၁ သိန်းခန့် ရှိလာ

ထိုင်းနိုင်ငံမှာ အသက် ၆ နှစ်အောက် ကလေးတွေမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်တက်နေပြီး ကူးစက်ခံရသူ ၁ သိန်းလောက်ထိ ရှိလာပြီလို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ထိုင်းကျန်းမာရေးဝန်ကြီးဌာ ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အက်ကာချိုင်ပင်ဆီရိဝပ်ချရာက ကိုဗစ်-၁၉ ကူးစက်မှုဟာ မူကြိုကလေးအရွယ်တွေမှာ ပိုပြီးတော့ ကူးစက်မှုမြင့်တက်နေတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ဗီဇပြောင်း အိုမီခရွန်ကူးစက်ပျံ့နှံ့မှုမှာတော့ ၆ နှစ်အောက် ကလေး ၁,၀၀၀ လောက် ကူးစက်ခံခဲ့ရပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတော့ အဲဒီအသက်အ ရွယ်အပိုင်းအခြားထဲက ကလေးဦးရေ ၆,၀၀၀ လောက် ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရတယ်လို့ လည်း ဒေါက်တာ အက်ကာချိုင်က ပြောပါတယ်။
တရားဝင်ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ် ဧပြီကကတည်းက အခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတဲ့ ကလေးအရေအတွက် ၁၀၇,၀၅၉ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။
ဒါဟာ အသက်အရွယ်အုပ်စုအားလုံး ကူးစက်ခံရသူပေါင်း ၂ သန်းလောက်ရဲ့ ၅ ရာခိုင်နှုန်း ရှိနေတာဖြစ်ပြီး ဒီရောဂါကြောင့် သေဆုံးတဲ့ ကလေးအရေအတွက်ကတော့ ၂၉ ယောက် ရှိ ခဲ့တယ်လို့ ဒေါက်တာ အက်ကာချိုင်က ပြောပါတယ်။
ကလေးငယ်အများစုကတော့ ပြင်ပကနေ ကူးစက်ခံလာရတဲ့ မိသားစုဝင်တွေဆီကတဆင့် ထပ်မံပြီးတော့ ရောဂါကူးခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဒီအသက်အရွယ်အုပ်စုတွေအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိနိုင်ခြင်း မရှိသေးတာကြောင့် မိဘတွေအနေနဲ့ မိမိတို့ရဲ့ ရင်သွေးတွေကို အထူးဂရုပြုကြဖို့လည်း ဒေါက်တာ အက်ကာချိုင်က တိုက်တွန်းထားပါတယ်။
ထိုင်းကျန်းမာရေးတာဝန်ရှိသူတွေကတော့ ပြည်သူတွေအနေနဲ့ အလုပ်ကနေ အိမ်ပြန်လာ ချိန်မှာ မိမိတို့နေအိမ်တွေမှာ သက်ကြီးရွယ်အို၊ နာတာရှည်ရောဂါသည်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေ ရှိမယ်ဆိုရင် ရောဂါကူးစက်မှုကနေ ကာကွယ်ဖို့ အထူးသတိပြု သင့်ကြောင်းလည်း အကြံပြုထားပါတယ်။