ယူကရိန်း အဓိကမြို့ကြီးများ၌ တိုက်ပွဲ ပြင်းထန်၊ ရုရှားတပ်သား အကျအဆုံးများ

ရုရှားနဲ့ နယ်စပ်အရှည်အလျားဆုံးဖြစ်တဲ့ ယူကရိန်းအရှေ့မြောက်ဘက် ခါကိဗ်၊ ဆူမီ၊ ခါဆန် မြို့ကြီးတွေနဲ့ အနောက်တောင်ဘက် အိုဒေဆာ၊ အလယ်ပိုင်း ကိယိဗ်မြို့ကြီးတွေမှာ ကြီးမားတဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတာပါ။
ကျူးကျော်ဝင်ရောက်လာတဲ့ ရုရှားတပ်တွေဟာ ဒုတိယအကြီးဆုံးမြို့မှာ ယူကရိန်းတပ်တွေနဲ့ ထိပ်တိုက်တိုးနေတာပါ။ ရုရှားတင့်ကားတချို့နဲ့ စစ်သားအလောင်းတွေကို လမ်းတွေပေါ်မှာ တွေ့ရပါတယ်။
မနေ့ ညနေပိုင်း ခါကိဗ်မြို့ ကောင်းကင်မှာ ပေါက်ပွဲမှုတွေကြောင့် ထွက်လာတဲ့ မီးခိုးလုံးတွေနဲ့ လင်းထိန်နေပါတယ်။
ရုရှားစစ်တပ်သုံး ကုန်ကားတွေမှာ အဖြူရောင် Z ဆိုတဲ့ စာလုံးကို ရေးပြီး ယူကရိန်းနယ်စပ်ဆီကို မောင်းသွားတာကို ခရိုင်းမီးယားဒေသမှာ တွေ့နေရတာပါ။
ရုရှားဟာ မနေ့က ယူကရိန်းကို ကြည်းကြောင်း၊ လေကြောင်းနဲ့ ပင်လယ်ရေကြောင်းကနေပါ စပြီး ကျူးကျော် တိုက်ခိုက်ခဲ့ပါတယ်။
ရုရှားရဲ့ မစ်ဇိုင်းဒုံးကျည်တွေဟာလည်း ယူကရိန်းမြို့တွေပေါ်ကို မိုးရွာသလို ကျဆင်းလာခဲ့လို့ ယူကရိန် ပြည်သူတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။
ရုရှားစစ်တပ်ယာဉ်တန်းတွေဟာ သူ့နယ်စပ်တွေကနေ ယူကရိန်းအရှေ့ပိုင်းက ချာနီဟစ်ဗ်၊ ခါရ်ခစ်ဗ်နဲ့ လူဟန့်စ် ဒေသတွေထဲကို သွန်ဝင်လာနေပြီး တောင်ပိုင်းနယ်စပ်ကနေ ဩဒက်ဆာနဲ့ မာရိုင်ပူ မြို့တွေဆီကို ပင်လယ်ရေကြောင်းကနေ ဝင်လာနေတယ်လို့ ယူကရိန်း အစိုးရက ထုတ်ပြန် ထားပါတယ်။
ရုရှားက ဆက်တိုက်စစ်ပွဲတွေ တဆင့်ပြီးတဆင့် ဆင်နွှဲလာမယ်လို့ အနောက်နိုင်ငံတွေ အတည်ပြုထားပြီးကတည်းက ယူကရိန်းပြည်သူတွေဟာ မြို့တော်ကိယက်ဗ်ကနေ ခရီးဆောင်အိတ်တွေ နဲ့ ထွက်ခွာနေကြပါတယ်။
မြို့တော်ကိယက်ဗ်မှာ မနေ့မနက်အစောပိုင်းကတည်းက ဗုံးပေါက်ကွဲမှု စကြားရပြီး ဒေသခံတွေ အလုအယက် ထွက်ပြေးတာကြောင့် အဓိက ဟိုက်ဝေးလမ်းမတွေ ယာဉ်ကြောတွေ ပိတ်ဆို့ နေပါတယ်။
ရုရှားနိုင်ငံက ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်တာဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားက ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း စစ်မျက်နှာသုံးခုကနေ ဥရောပကို အကြီးမားဆုံးစစ်ပွဲ ဆင်နွှဲတာပါ။