ရုရှားသမ္မတနှင့်ပါကစ္စတန်ဝန်ကြီးချုပ်တို့ မော်စကို၌ ဆွေးနွေး

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ ပါကစ္စတန်ဝန်ကြီးချုပ် အမ်ရမ်ခန်းနဲ့ မြို့တော် မော်စကိုက ကရင်မလင် သမ္မတနန်းတော်မှာ ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ရုရှားက ယူကရိန်းကို စစ်ဆင်ရေးစပြီလို့ ပူတင်က ရုရှားအစိုးရ ရုပ်သံကနေ ဖေဖော်ဝါရီ ၂၄ မနက် အစောပိုင်းက ကြေညာအပြီး နာရီပိုင်းအတွင်းမှာ သူတို့ နှစ်ဦးရဲ့ အစည်းအဝေးအကြောင်း မီဒီယာကနေ ထုတ်လွှင့်ခဲ့တာပါ။
နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ တောင်အာရှဖွံ့ဖြိုးရေးအပါအဝင် ဒေသတွင်း အရေးကိစ္စတွေအပေါ် အမြင်တွေကို ဖလှယ်ပြီး အပြန်အလှန် ဆက်ဆံရေးဆိုင်ရာ အဓိက အမြင်တွေကို ဆွေးနွေးခဲ့တယ်လို့ ရုရှားသမ္မတရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။
ခန်းဟာ ကာလကြာရှည် စီစဉ်ထားတဲ့ နှစ်ရက်ကြာ ရုရှားခရီးစဉ်အတွက် မော်စကိုမြို့တော်ကို အရင်နေ့တည်းက ရောက်နေတာဖြစ်ပြီး ပူတင်နဲ့ ၃ နာရီကြာ ဆွေးနွေးခဲ့တယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်းကြား နောက်ဆုံးအခြေအနေအတွက် ဝမ်းနည်းကြောင်း ဝန်ကြီးချုပ်က ပြောခဲ့ပြီး စစ်ရေးပဋိပက္ခကို သံတမန်ရေးက ပြောင်းလဲပေးနိုင်ဖို့ ဝန်ကြီးချုပ်က မျှော်လင့်တယ်လို့ ပူတင်ကို ပြောခဲ့တဲ့အကြောင်း အစည်းအဝေးအပြီး ကြေညာချက်ကို ကိုးကားပြီး ပါကစ္စတန် ဝန်ကြီးချုပ်ရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။
ခန်းဟာ ရုရှားကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ ဘီလီယံချီ တန်ဖိုးရှိတဲ့ ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကို တည်ဆောက်ရေး တွန်းအားပေးဖို့ မျှော်လင့်နေတယ်လို့ ပါကစ္စတန် မီဒီယာတွေက ဖော်ပြပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တခြား အနောက် မဟာမိတ်အစိုးရတွေက ရုရှားစစ်တပ်တွေ ယူကရိန်းကို ဝင်တိုက်တဲ့အပေါ် ပြင်းထန်တဲ့ စီးပွားရေး ဒဏ်ခတ်မှုတွေကို အသီးသီး ကြေညာ နေချိန်မှာ ခန်းနဲ့ ပူတင်တို့ အစည်းအဝေး အတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေး ခဲ့တာပါ။
ရုရှားနဲ့ ပါကစ္စတန်ကြား စီးပွားရေးဆိုင်ရာ ဆက်ဆံရေး နက်ရှိုင်းစေဖို့ နည်းလမ်းရှာရုံသာမက ရုရှဟာ ပါကစ္စတန်ကို လက်နက်ရောင်းဖို့ပါ စိတ်အားထက်သန်နေတယ်လို့ မီဒီယာတွေက ဖော်ပြ ပါတယ်။
စစ်အေးခေတ် ရန်လိုမှု ဆိုးဆိုးရွားရွား ရှိခဲ့ပေမယ့် ပါကစ္စတန် ရုရှားဆက်ဆံရေးဟာ လတ်တလော နှစ်တွေမှာ အရွေ့တခုဆီ ရောက်လာပြီး အမေရိကန်နဲ့ ပါကစ္စတန်ကြား ဆက်ဆံရေး အေးခဲလာနေလို့ ပါကစ္စတန်ကို တရုတ်နဲ့ ရုရှားဆီ တွန်းပို့သလို ဖြစ်ခဲ့တယ်လို့ မီဒီယာတွေက သုံးသပ်ထားပါတယ်။