ကေအန်ယူ တပ်မဟာ ၁ နယ်မြေ ဘီးလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၁ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာနဲ့ မယ်ပလိကျေးရွာကြား ဖေဖော်ဝါရီ ၂၄ ရက်က စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၅ ဦးကျဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နတ်ကြီးကျေးရွာဘက်ကနေ ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မနက် ၉ နာရီလောက်က နတ်ကြီးနဲ့ မယ်ပလိရွာကြားမှာ တစ်ကြိမ်၊ ၁၀ နာရီခွဲလောက်က တစ်ကြိမ် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်တွေက စောင့်ကြိုပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
နတ်ကြီးကျေးရွာသားတဦးက “ရွာနှစ်ရွာကြားမှာ တပ်ကကောင်တွေ စောင့်ပစ်ခံရတာ။ ထိမှန်တဲ့ကောင်တွေကို ပြန်ပို့ပြီးအပြန် ထပ်အပစ်ခံရတယ်။ ၅ ယောက်ကျတယ်လို့ ကြားတယ်။ KNLA ဘက်က ထိခိုက်တာ မကြားဘူး။ အခုနောက်ပိုင်း စစ်တပ်က ကောင်တွေ စစ်ရေးလှုပ်ရှားတာတွေ စိပ်လာတယ်” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်က တပ်မဟာ ၅ နယ်မြေကို ရိက္ခာသွားရောက်ပို့ဆောင်ခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်ယာဥ်တန်းကို အပြန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကား ၄ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကေအန်ယူ တာဂန်ရှိသူဦးက ပြောပါတယ်။
အခုလအတွင်း KNU တပ်မဟာ ၁ ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ သထုံမြို့နယ်တွေအတွင်း စစ်ကောင်စီတပ်နဲ့ BGF တပ်ရင်း ၁၀၁၄ တပ်တွေက အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာနဲ့ လုပ်ငန်းခွင်တွေအတွင်းကို မကြာခဏ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အပြင် အပြစ်မဲ့ပြည်သူတွေကို ခြောက်လှန့်ပြီး ငွေကြေးအတင်းအဓမ္မတောင်းယူတာ၊ အစားအစာနဲ့ပစ္စည်းတွေကို အတင်း အဓမ္မသိမ်းယူတာ၊ အတင်းအဓမ္မခိုင်းစေတာတွေ ပြုလုပ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်မှ ၂၀ ရက်နေ့အထိ ကေအန်ယူထိန်းချုပ်နယ်မြေတွေအတွင်း စစ်ကောင်စီရဲ့တပ်၊ BGF ပူးပေါင်းတပ်တွေနဲ့ KNLA၊ KNDO တပ်တို့ တိုက်ပေါင်း ၆၇ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၂၂၇ ဦးသေဆုံးပြီး ၁၅၉ ဦးဒဏ်ရာရရှိခဲ့သလို KNU ဘက်က တိုင်းပြည်နဲ့လူမျိုးအတွက် ၅ ဦး အသက်စွန့်ခဲ့ရပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။