ဝက်ဖို့ဒ်နှင့်ပွဲ အမှတ်ဆုံးရှုံးခဲ့သည့်အပေါ် မန်ယူနည်းပြ ရန်းနစ်ခ်ညည်းတွား

ဝက်ဖို့ဒ်အသင်းကို အနိုင်ရသင့်ပေမယ့် ၂ မှတ်ဆုံးရှုံးခဲ့ရပြန်ပြီလို့ မန်ယူနည်းပြ ရန်းနစ်ခ်က ညည်းတွားပြောဆိုသွားပါတယ်။
မန်ယူအသင်းဟာ ဝက်ဖို့ဒ်နဲ့ အိမ်ကွင်းပွဲစဉ်မှာ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပိုပြီးရုန်းကန်ရတော့မှာပါ။
မန်ယူအသင်းဟာ အခုလလယ်ပိုင်းက ကစားခဲ့တဲ့ ဘန်လေ၊ ဆောက်သမ်တန်အသင်းတွေနဲ့ ပွဲစဉ်တွေမှာလည်း သရေရ လဒ်တွေနဲ့သာကျေနပ်ခဲ့ရပြီး အမှတ်တွေ ဆုံးရှုံးခဲ့ရပါတယ်။
ဝက်ဖို့ဒ်နဲ့ပွဲစဉ်မှာလည်း တစ်ပွဲလုံး ထိန်းချုပ်ကစားနိုင်ခဲ့လို့ အလွယ်တကူ အနိုင်ရသင့်ပေမယ့် အရေးပါတဲ့ ရမှတ် ၂ မှတ် ဆုံးရှုံး သွားခဲ့ရတယ်လို့ နည်းပြ ရန်းနစ်ခ်ကပြောပါတယ်။
“ကျနော်တို့ဟာ ဂိုးမသွင်းနိုင်ခဲ့တာကလွဲရင် ကျန်တာအကုန်လုပ်ဆောင်နိုင်ခဲ့တယ်။ ဂိုးသွင်းဖို့ လုံလောက်တဲ့ အခွင့်အရေးတွေလည်းရခဲ့တယ်။ ပထမပိုင်းမှာဆိုရင် လုံးဝကို ဂိုးရသင့်တဲ့အခွင့်အရေး ၄ ကြိမ်ရှိခဲ့တယ်။ အဆုံးသတ်မှာတော့ ကျနော်အမြဲတမ်းပြောခဲ့သလို ဂိုးပေါက်ရှေ့မှာ ပါးနပ်မှုမရှိခဲ့ပါဘူး။ ကံမကောင်းစွာနဲ့ပဲ ဒီလိုဖြစ်တာက တစ်ကြိမ်လည်းမကတော့ပါဘူး” လို့ နည်းပြရန်းနစ်ခ်က ပြောပါတယ်။
မန်ယူအသင်းဟာ အဆင့် ၄ နေရာမှာ ဆက်လက်ရပ်တည်နေပြီး အဆင့် ၅ နေရာက အာဆင် နယ်ထက် ၃ ပွဲပိုကစားထားပေမယ့် ရမှတ်၂ မှတ်သာကွာဟပါတယ်။ ဒါ့အပြင် ဝက်စ်ဟမ်း၊ စပါး အသင်းတွေထက်လည်း ပွဲပိုကစားထားပေမယ့် ရမှတ်သိပ်မကွာလို့ ဥရောပဝင်ခွင့်အတွက်ရုန်းကန် ရတော့မှာဖြစ်ပါတယ်။