ပေါင်သန်း ၄၀ တန် ရုရှားလေကြောင်းလိုင်းနှင့် စပွန်ဆာစာချုပ် မန်ယူဖျက်သိမ်း

မန်ယူနိုက်တက်အသင်းဟာ ပေါင်သန်း ၄၀ တန်ကြေးရှိတဲ့ ရုရှားနိုင်ငံပိုင် လေကြောင်းလိုင်း Aeroflot နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။
ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မန်ယူအသင်းက စာချုပ်ဖျက်သိမ်းခဲ့တာပါ။
Aeroflot နဲ့ မန်ယူအသင်းတို့ဟာ ၂၀၁၃ ခုနှစ်ကတည်းက စတင်လက်တွဲခဲ့ကြပြီး ၂၀၁၇ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ပေါင်သန်း ၄၀ တန် စာချုပ် ချုပ်ဆိုခဲ့တာပါ။
Aeroflot လေကြောင်းလိုင်ဟာ မန်ယူအသင်းရဲ့ ခရီးသွားလာရေးနဲ့ ပို့ဆောင်ရေးကဏ္ဍတွေမှာ စပွန်ဆာအနေနဲ့ ပံ့ပိုးကူညီခဲ့တာပါ။
“ယူကရိန်းကဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး Aeroflot နဲ့ ပံ့ပိုးကူညီမှုစာချုပ်ကို ဖျက်သိမ်းလိုက်ပါတယ်။ ကျနော်တို့ဟာ ကမ္ဘာတစ်ဝန်း ပရိသတ်တွေရဲ့ စိုးရိမ်ပူပန်မှုတွေကို မျှဝေခံစားမိပြီး ထိခိုက်နစ်နာသူတွေကိုလည်း စာနာပါတယ်” လို့ မန်ယူအသင်း ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။
မန်ယူအသင်းဟာ အက်သလက်တီကိုနဲ့ကစားဖို့ မက်ဒရစ်ကို သွားရောက်စဉ်ကတည်းက Aeroflot နဲ့ ခရီးစဉ်ကိုဖျက်သိမ်းခဲ့ပြီး Tatan လေကြောင်းလိုင်းနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
တခြားသော ကလပ်တွေနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်တို့ဟာလည်း ယူကရိန်းကို ကျူးကျော်ခဲ့တာနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ စပွန်ဆာစာချုပ်တွေကို ဖျက်သိမ်းဖို့ ဆွေးနွေးနေကြပါတယ်။