အီလန်ဂါကို အကြွေစေ့ဖြင့် ပစ်ပေါက်ခဲ့သည့် ပရိသတ်ကြောင့် လိဒ်အသင်း အရေးယူခံရနိုင်

လိဒ်ယူနိုက်တက် ပရိသတ်တစ်ဦးဟာ မန်ယူလူငယ်ကစားသမား အီလန်ဂါကို အကြွေစေ့နဲ့ ပစ် ပေါက်ခဲ့တာကြောင့် အရေးယူခံရဖို့ရှိပါတယ်။
၂ ဂိုးစီ သရေကျနေချိန်မှာ မန်ယူကွင်းလယ်လူ ဖရက်ဒ်က တတိယဦးဆောင်ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံတဲ့အချိန်မှာ တောင်ဘက်ပွဲကြည့်စင်မှ ပရိသတ်တစ်ဦးက အကြွေစေ့နဲ့ ပစ်ပေါက်ခဲ့တာဖြစ်ပြီး မန်ယူလူငယ်ကစားသမားအီလန်ဂါရဲ့ ဦးခေါင်းကို ထိမှန်ခဲ့တာပါ။
အီလန်ဂါဟာ နာကျင်မှုတချို့ရှိခဲ့လို့ ကွင်းဘေးမှာ ဆေးကုသခဲ့ရပေမယ့် ပွဲကို ပြန်လည်ကစားခဲ့ပြီးနောက် ပွဲချိန် ၈၈ မိနစ်မှာ စတုတ္ထမြောက်အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ကွင်းလယ်ဒိုင်က လိဒ်ပရိသတ်တစ်ဦးကအကြွေစေ့နဲ့ ပစ်ပေါက်ခဲ့တဲ့ဖြစ်ရပ်ကို အင်္ဂလန်အက်ဖ်အေဆီ Match Report တင်ခဲ့တာကြောင့် ဆက်ပြီး စုံစမ်းစစ်ဆေးဖို့ရှိပါတယ်။
မန်ယူနည်းပြရန်းနစ်ခ်ကတော့ လိဒ်အသင်းဘက်က စုံစမ်းစစ်ဆေးမှုတချို့ လုပ်ခဲ့တာတွေ့ရပြီး ဒီလိုဖြစ်ရပ်မျိုးဟာ မဖြစ်သင့်ကြောင်း ပြောပါတယ်။
စကိုင်းစပေါ့ကနေ သုံးသပ်တင်ဆက်ခဲ့တဲ့ ဂိုးသမားဟောင်း ပေါလ်ရော်ဘင်ဆန်ကလည်း အကြွေစေ့နဲ့ ပစ်ပေါက်တဲ့လုပ်ရပ်ဟာ ရုပ်ဆိုး အကျည်းတန်တဲ့ အပြုအမူဖြစ်တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။