ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ် အဆုံးသတ်ရန် ကမ္ဘာနိုင်ငံများတွင် ဆန္ဒပြ

ရုရှားက ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်နေတာကို ဆန့်ကျင်တဲ့ အနေနဲ့ရော ယူကရိန်း ပြည်သူတွေနဲ့အတူ သွေးစည်းညီညွတ်ကြောင်း ပြသတဲ့အနေနဲ့ရော ကမ္ဘာ့နိုင်ငံတွေမှာ ပြည်သူတွေ ဆန္ဒပြနေကြပါတယ်။
သြစတြီးယားနိုင်ငံ မြို့တော် ဗီယန်နာမှာ ပြည်သူထောင်ပေါင်းများစွာဟာ စနေနေ့က ရုံးပြီး ရုရှားရဲ့ ကျူးကျော်စစ်ကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဂျာမနီ နိုင်ငံ ဘာလင်မြို့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲကို ဘာလင်ရောက်နေတဲ့ လစ်သူနီးယား သမ္မတ ဂီတာနက်စ်လည်း သွားရောက် ပူးပေါင်းခဲ့ပါတယ်။
ယူကရိန်း ပြည်သူတွေဟာ လွတ်လပ်မှုအတွက် သူတို့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေတာ ဖြစ်သလို ကျနော်တို့ လွတ်လပ်လပ်ရေး၊ ဥရောပတစ်ခုလုံး လွတ်လပ်ရေးအတွက် တိုက်ပွဲ ဝင်နေတာပါလို့ ပြောပါတယ်။
လစ်သူနီးယား သမ္မတဟာ ဆန္ဒပြပွဲကို လာမပူးပေါင်းခင်မှာ ဂျာမနီရဲ့ အဓိပတိဖြစ်တဲ့ အိုလော့ရှော ပိုလန်ဝန်ကြီးချုပ် မက်တေး မောဗီယက်စကီတို့နဲ့လည်း တွေ့ဆုံခဲ့ပြီး ရုရှားနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့ မှုတွေ ချမှတ်ဖို့ ဆွေးနွေးခဲ့ပါတယ်။
အီတလီနိုင်ငံ မီလံမြို့မှာလည်း ရုရှားကျူးကျော်စစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေဟာ ဂျူမိုရင်ပြင်မှာ စနေနေ့က စုရုံးခဲ့ကြပါတယ်။
အီတလီဝန်ကြီးချုပ် မာရီယို ဒရာဂီက အီတလီနိုင်ငံဟာလည်း အီးယူနိုင်ငံတွေနည်းတူ ရုရှားရဲ့ ကျူးကျော်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်သွားမယ်လို့ ပြောပါတယ်။
အီတလီဝန်ကြီးချုပ်ဟာ ယူကရိန်း သမ္မတဆီကိုလည်း တိုက်ရိုက်ဖုန်းခေါ်ဆိုခဲ့ပြီး ရုရှား ကျူးကျော်မှုကို ဆန့်ကျင်တဲ့အကြောင်းကို ထပ်လောင်း အသိပေးခဲ့ပါတယ်။
အီတလီကလည်း ထောက်ခံတဲ့ နိုင်ငံတကာငွေကြေးပေးချေမှုစနစ် SWIFT ကနေ ရုရှားကို ထုတ်ပစ်မယ်လို့ အစီအစဉ်ဟာ ရက်ပိုင်းအတွင်းမှာ အသက်ဝင်လာပါလိမ့်မယ်။
လန်ဒန်မှာရှိတဲ့ ရုရှားသံရုံးရှေ့မှာ ဆန္ဒပြသူတွေဟာ လွတ်လပ်တဲ့ ယူကရိန်းနိုင်ငံ၊ ယူကရိန်း လွတ်လပ်ပါစေလို့ ကြွေးကြော်ခဲ့ကြပါတယ်။
ရိုမေနီးယားနိုင်ငံနဲ့ ဟန်ဂေရီယားနိုင်ငံတွေက ပြည်သူတွေကလည်း စနေနေ့က ရုရှား သံရုံးရှေ့တွေမှာ ဆန္ဒပြခဲ့ကြပါတယ်။
အစ္စရေးနိုင်ငံ တယ်အဗက်မြို့မှာ ယူကရိန်းတွေ၊ အစ္စရေးတွေနဲ့ ရုရှားတွေ စုပေါင်းပြီး ရုရှားရဲ့ ကျူကျော်စစ်ကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြပါတယ်။
ဘယ်လဂျီယံနိုင်ငံမှာ ဆန္ဒပြသူတွေဟာ အကြမ်းဖက်သမား ပူတင်လို့ ရေးသားထားတဲ့ ဆိုင်းပုဒ်တွေ ကိုင်ထားကြပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဆန္ဒပြသူတွေဟာ ရုရှားသမ္မတ ပူတင်ကို စစ်ရာဇဝတ်ကောင်လို့ ရေးသားထားတဲ့ ဆိုင်းပုဒ်တွေကို ကိုင်ဆောင်ထားပြီး ယူကရိန်း ပြည်သူတွေကို စာနာကြောင်း ပြသခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာလည်း စစ်ဆန့်ကျင်ရေး ဆန္ဒပြသမားတွေဟာ တိုင်းမ်စကွဲယား ရင်ပြင်မှာ စုရုံးပြီး ယူကရိန်း ငြိမ်းချမ်းရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။
ဂျော်ဂျီယာနိုင်ငံမှာလည်း ယူကရိန်းပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ စနေနေ့က ဆန္ဒပြခဲ့ကြပါတယ်။ ဂျော်ဂျီယာဟာ ၂၀၀၈ ခုနှစ်တုန်းက ရုရှားနဲ့ စစ်ခင်းခဲ့ရတဲ့နိုင်ငံ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ နေထိုင်နေတဲ့ ယူကရိန်းလူမျိုး၊ ရုရှားလူမျိုးတွေနဲ့ ဂျပန်နိုင်ငံသားတွေ စနေနေ့က တိုကျိုမြို့လယ်ကောင်မှာ စုဝေးပြီး ယူကရိန်းထဲ ရုရှားကျူးကျော်တိုက်ခိုက်မှုကို ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။
တောင်ရီယားနိုင်ငံမှာ ရောက်နေတဲ့ ယူကရိန်းတွေအမျိုးသားတွေနဲ့ တောင်ကိုရီးယား နိုင်ငံသားတွေ စုပေါင်းပြီး ဆုတောင်းပွဲတခုကို ဆိုးလ်မြို့က ခရစ်ယာန် ဘုရားကျောင်းတခုမှာ စနေနေ့က ပြုလုပ်ခဲ့ကြပါတယ်။
ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုဟာ ဥရောပမှာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံး လုံခြုံရေး ခြိမ်းခြောက်မှု ဖြစ်လာပါတယ်။