ဂျပန်ရောက် ယူကရိန်းနှင့်ရုရှားနိုင်ငံသားများ စစ်ပွဲဆန့်ကျင့်ရေး တိုကျိုတွင် ဆန္ဒပြ

ဂျပန်နိုင်ငံမှာ နေထိုင်နေတဲ့ ယူကရိန်း၊ ရုရှားနဲ့ ဂျပန်နိုင်ငံသားတွေ စနေနေ့က တိုကျိုမြို့လယ်ကောင်မှာ စုဝေးပြီး ယူကရိန်းထဲ ရုရှားကျူးကျော်တိုက်ခိုက်မှုကို ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။
စနေနေ့က ကိယက်ဗ်မြို့တော်အပါအဝင် ယူကရိန်းမြို့ကြီးတွေရဲ့ အဆောက်အအုံတွေကို ဒုံးကျည်တွေ အမြှောက်တွေနဲ့ ပစ်ခတ်ပြီးနောက် ဂျပန်မှာ ဆန္ဒပြခဲ့ကြတာပါ။
အသက် ၂၈ နှစ်ရှိ ရုရှားအမျိုးသမီးက “ရုရှား ကျူးကျော်တိုက်ခိုက်တာကို ကျမ လုံးဝ မထောက်ခံဘူး။ ကျမ သိတဲ့ ရုရှားအားလုံးကလည်း မထောက်ခံဘူး။ အခု ကျမတို့ နိုင်ငံအစိုးရ လုပ်နေတာတွေအားလုံး မုန်းတယ်” လို့ ပြောပါတယ်။
စစ်ဆန့်ကျင်ရေး ပိုစတာတွေ ကိုင်ဆောင်ထားတဲ့ ဂျပန်လူမျိုးဆန္ဒပြသူတွေကလည်း ပူတင်ကို အလွန်အမင်း ဒေါသထွက်နေတာပါ။
ဇနီးနဲ့အတူ ဆန္ဒလာပြတဲ့ အသက် ၅၈ နှစ်ရှိ ဟီရိုရှီ ဆာဝါဒါ က “ပူတင်ရေ စစ်ပွဲကို ချက်ချင်း ရပ်လိုက်ပါ၊ မင်းရဲ့စိတ်ပုံမှန်မဟုတ်တာကို ပြန်ထိန်းပါ” လို့ ပြောပါတယ်။