close

ဖမ်းဆီးခံ ဧရာဝတီတိုင်း မူးယစ်ရဲတပ်ဖွဲ့စုမှူး ရဲမှူးမြင့်အောင် အဆက်အသွယ်မရဖြစ်နေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် ၄၉ မူးယစ်ရဲတပ်ဖွဲ့မှာ တပ်စုမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲမှူးမြင့်အောင်ကို စစ်ကောင်စီတပ်သားတွေက  ဖမ်းဆီးသွားပြီးနောက် သူ့ကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ အဆက်အသွယ်မရ ဖြစ်နေပါတယ်။

မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်အောင်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်အစည်းအဝေးက အပြန်မှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တာလို့ သူနဲ့ နီးစပ်တဲ့ ရဲတပ်ဖွဲ့အသိုက်အဝန်းက ပြောပါတယ်၊၊ 

“ဖမ်းသွားတာတော့ ဟုတ်တယ် အတည်ပြုလို့ရတယ်။ ဒါပေမဲ့ ဘာကြောင့် ဖမ်းတယ်၊ ဘယ်နေရာမှာ ဖမ်းတယ်ဆိုတာ ကျနော်တို့ကိုယ်တိုင် အတိအကျကို မသိရသေးဘူး၊ ခုထိ အဆက်သွယ်မရသေးဘူး”လို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ - NUG  ဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ Comment ရေးသားခဲ့တာကြောင့် အဖမ်းခံရတာလို့ သတင်းတွေထွက်နေပေမဲ့  သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး မြင့်အောင်ကို စစ်ကောင်စီတပ်က  ဖမ်းဆီးသွားပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၂၈ ရက်အထိ မိသားစုနဲ့ အဆက်သွယ်မရသေးသလို ဘယ်နေရာမှာ ဖမ်းဆီးထားတယ် ဆိုတာလည်း မသိရသေးဘူးလို့ ဆိုပါတယ်။

ရဲမှူးမြင့်အောင်ကို နေပြည်တော်မှ အပြန်မှာ ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ CDM ရဲတပ်ဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပြီး ပြီးခဲ့တဲ့ ရက်တွေကလည်း  အင်းစိန် CID မှ ဒုရဲမှူးကြီး ဇော်ဝင်းကိုနဲ့ ယင်းမာပင်ခရိုင်မှူး ဒုရဲမှူးကြီး အောင်နွယ်ဦး တို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးကာ စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့လည်း မြန်မာCDM ရဲတပ်ဖွဲ့ချန်နယ် MPCC က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၂ ခုနှစ်ထဲမှာတင် စီအိုင်ဒီသင်တန်းကျောင်းက ရဲမှူးကြီး ၁ ဦး၊ ယင်းမာပင် ခရိုင်ရဲတပ်ဖွဲ့မှူးကြီး ဒုရဲမှူးကြီး ၁ ဦးကိုလည်း ဖမ်းဆီးထားပြီးနောက်ပိုင်း ရာထူးအမြင့်ဆုံး ရဲမှူးအဆင့်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up