close

ကန်ပိုက်တီနှင့် ဝိုင်းမော်တွင် ကုန်တင်ယာဉ်မောင်းများ ကိုဗစ်-၁၉ ပိုးတွေ့နှုန်းများလာ

တရုတ်နယ်စပ် ကချင်ပြည်နယ် ကန်ပိုက်တီမြို့ စစ်ဆေးရေးဂိတ်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က တရက်တည်း  ကုန်တင်ယာဉ်မောင်း ၂၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။

“ဒီနေ့ အစီး နှစ်ဆယ်ကျော်လောက် ပိုးတွေ့တယ်ကြားတယ်။ မနေ့ကစစ်ပြီး ဒီမနက်တွေ့တာတွေ။ ကန်ပိုက်တီမှာ ဆေးစစ်တာက ဓာတ်ခွဲတာဆိုတော့ အဖြေထွက်ဖို့ တရက် စောင့်ရတယ်။ ကျနော်လည်း ပိုးတွေ့လို့ မြစ်ကြီးနားမှာ ကွာရန်တင်းဝင်နေရတယ် အခုတလော။ ပိုးကတော့ အရင်ကတည်းက နေ့တိုင်းတွေ့နေတာပဲ။ အခုတလော ပိုများနေတယ်” လို့ ကုန်တင်ယဉ်မောင်း ၁ ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း ကန်ပိုက်တီမြို့က ကုန်တင်ယာဉ်မောင်း ၂၄ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဝိုင်းမော်မြို့ ဝါရှောင်ဂိတ်မှာလည်း အခုရက်ပိုင်း ကုန်တင်ယာဉ်မောင်းတွေ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတာများလာတာကြောင့် ပိတ်ထားရပြီး ကားနည်းနည်းပဲ တရုတ်ဘက်ကို သွင်းနေတယ်လို့ သူက ပြောပါတယ်။ 

“ဘယ်လောက်ထိ နည်းသွားလဲဆိုတာ‌ အတိကျတော့ မသိဘူးဗျ။ အစကတည်းက အများဆုံး တရက်အစီး ငါးဆယ်၊ ခြောက်ဆယ်လောက်ပဲသွင်းတာ။” 

ပိုးတွေ့ရှိတဲ့ ကုန်တင်ယာဉ်မောင်းတွေကို ကန်ပိုက်တီမြို့ ဘောလုံးကွင်း ကျောက်ပုံနောက်ဘက် ကွာရန်တင်းမှာ ၁၀ ရက်ထားတယ်လို့ ယာဉ်မောင်းနောက်တဦးက ပြောပါတယ်။

“ပိုးတွေ့တဲ့ကားတွေ ဆိုရင် ကံပိုင်တည် ဘော်လုံးကွင်း ကျောက်ပုံနောက်မှာ ထားတာ။ ဦးရေ မသိနိုင်ဘူး။ အရင်က ၁ ရက် ၁ ရက်ကို ၂ ယောက် ၃ ယောက်တွေ့တာ။ ၂ စီး ၃ စီး ကနေ ဖြည်းဖြည်း ချင်း များများ လာတာ။ သက်ဆိုင်ရာ ကုမ္ပဏီတွေ ဥပမာ ထိန်မင်း၊ မြစ်ကြီးနားဆိုရင် လွှတ်တော်ကွင်း တာဝန်ယူရတာ။ ပိုးတွေ့တဲ့ရက်ကနေ ၁၀ ရက် ကွာရန်တင်းထား ပြီးရင် ပြန်မောင်းလို့ရပြီ။”

ကွာရန်တင်းအဆောင်မှာ‌တော့ အာဏာပိုင်တွေ စီစဉ်ရောင်းချတဲ့ ထမင်း၊ ဟင်း ဝယ်မစားဘဲ ငွေကုန် ကြေးကျ သက်သာအောင် ချက်စားတာကြောင့် လျှပ်စစ်မီးသုံးပြီး ချက်စားလို့ဆိုပြီး လျှပ်စစ်မီး တနေကုန် ဖြတ်နေတာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။

“ထမင်းစားရင် သူတို့ သတ်မှတ်တဲ့ဆိုင်၊ အရင်တုန်းက စစ်တပ်က ရောင်းတာ။ သူတို့ ရောင်းတာ မစားနိုင်တော့ ထမင်းဆိုင် ၁ ဆိုင်က လေလံဆွဲလိုက်တယ်။ ၃ ရက်လောက်တန်းပြီး လှိုဏ်ဂူဘက်ကိုပို့၊ ပြီးမှ ကားဆရာတွေက ကွာရန်တင်း အဆောင်ကို သွားရတာ။ ထမင်း ဟင်းက ၁ ဆိုင်တည်းရှိတာ ရက်တွေကြာတဲ့အခါ အဆင်မပြေတော့ ကိုယ့်ဘာသာ ချက်စားကြတာလေ။ နောက်ပိုင်းကျတော့ လျှပ်စစ်မီးနဲ့ ချက်စားလို့ ဆိုပြီး‌တော့ လျှပ်စစ်မီးဖြတ်တာ နေ့ခင်းကို။ ဖုန်းအားသွင်းလို့လည်း မရဘူး။”

ကန်ပိုက်တီနဲ့ ဝိုင်းမော်မြို့တို့မှာလည်း ကုန်တင်ယာဉ်ကားသမားတွေအပါအဝင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေပြီး ဘယ်လောက်ကူးစက်ခံထားရလဲဆိုတာ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up