ယူကရိန်းတောင်ပိုင်းရှိ နျူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို ရုရှားတိုက်ခိုက်

ယူကရိန်းနိုင်ငံတောင်ပိုင်း ဇာပိုရစ်ချ်ဇီယာ နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ရုရှားတပ်တွေ တိုက်ခိုက်အပြီး မတ်လ ၄ ရက် အစောပိုင်းက မီးလောင်ခဲ့တယ်လို့ စက်ရုံရဲ့ ပြောခွင့်ရက ပြောပါတယ်။
ရိုက်တာသတင်းဌာနက စိစစ်ထားတဲ့ ရုပ်သံထဲမှာ အီနာဟိုဒါမြို့က စက်ရုံဝင်းအတွင်း အဆောက်အဦနားမှာ လက်နက်ကြီးနဲ့ အပစ်ခံရလို့ မီးခိုးတွေ အူတက်နေပြီး မဂ္ဂနီစီယံ မီးတောက်တွေ ကျလာနေပုံကို တွေ့ရပါတယ်။
မီးငြှိမ်းဖို့ မီးသတ်သမားတွေ အနားမကပ်နိုင် ဖြစ်နေပြီး တကယ့် လက်ရှိ ဒုက္ခပဲလို့ စက်ရုံပြောခွင့်ရက တယ်လီဂရမ်ထဲမှာ အဆက်မပြတ် တင်ထားတဲ့ ရုပ်သံထဲမှာ ပြောထားပါတယ်။ ဒီစက်ရုံဟာ ဥရောပမှာ အကြီးဆုံးလို့လည်း ပြောပါတယ်။
စက်ရုံရဲ့ ဓာတ်ရောင်ခြည်အဆင့်ကတော့ အပြောင်းအလဲ မရှိဘူးလို့ စက်ရုံပြောခွင့်ရကို ကိုးကားပြီး ရုရှားအခြေစိုက် ရီယာသတင်းဌာနက ပြောပါတယ်။
ကိယက်ဗ်မြို့တော် အရှေ့တောင်ဘက် ၃၄၂ မိုင်အကွာက ဒေသမှာ တိုက်ပွဲ ပြင်းထန်နေခဲ့တယ်လို့ အီနာဂိုဒါ မြို့တော်ဝန်က အွန်လိုင်းပေါ်ကနေ ပြောပါတယ်။ အသေအပျောက် ရှိတယ်လို့ ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။
ရုရှားစစ်တပ်ဟာ ကိယက်ဗ်မြို့တော် မြောက်ဘက် ကီလိုမီတာ ၁၀၀ အကွာက ချာနိုဘိုင်းစက်ရုံကို ဖေဖော်ဝါရီ ၂၄ ရက်နေ့တည်းက သိမ်းပိုက်ထားတာပါ။ ဒီစက်ရုံဟာ ၁၉၈၆ ခုနှစ်က ပေါက်ကွဲခဲ့ပြီး ဥရောပဒေသအများအပြားကို ရေဒီယိုသတ္တိကြွပစ္စည်းတွေ ပျံ့လွင့်ခဲ့ဖူးပါတယ်။ ခုစက်ရုံကတော့ ချာနိုဘိုင်းနဲ့မတူဘဲ ပိုဘေးကင်းတဲ့ အမျိုးအစားလို့ အကဲခတ်တချို့က ပြောပါတယ်။ ဒီစက်ရုံနားက တိုက်ပွဲသတင်းတွေ ထွက်လာခဲ့တဲ့နောက်မှာ အာရှ ဘဏ္ဍာရေးဈေးကွက် လှုပ်ခတ်ခဲ့ပြီး ရေနံဈေးနှုန်း မြင့်တက်ခဲ့ပါတယ်။