မတ္တရာမြို့နယ်တွင် စစ်ကောင်စီ ဆိုင်ကယ်စစ်ကြောင်း တိုက်ခိုက်ခံရ

မန္တလေးတိုင်း မတ္တရာမြို့နယ် ကျောက်ဆည်လေးကျေးရွာနဲ့ ကင်းကျေးရွာကြားမှာ မတ်လ ၄ ရက်နေ့ မနက် ၁၀ နာရီခွဲကျော်အချိန်က စစ်ကောင်စီတပ်သားတွေရဲ့ ဆိုင်ကယ်စစ်ကြောင်း တိုက်ခိုက်ခံခဲ့ရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မတ္တရာမြို့နယ် (ပ.က.ဖ-မတ္တရာ) နဲ့ Mandalay People's Defense Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား အများအပြား အထိအခိုက် အကျအဆုံးရှိတယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ် ဒေသခံတဦးက “မနက် ၁၁ နာရီ မထိုးခင်က ကျောက်ကြမ်းတောင်ဘက်မှာတော့ ဗုံးကွဲသံတွေ ကြားတယ်။ အပြန်အလှန် ပစ်ခတ်တာတွေလည်း ရှိတယ်လို့ ပြောတယ်။ အထိအခိုက် အတိအကျတော့ မသိရဘူး။” လို့ ပြောပါတယ်။
မိုင်းခွဲတိုက်ခိုက်မှုနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီတပ်ဘက်က ၁၂ ဦးကျဆုံးပြီး ၁၂ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပေမယ့် ပ.က.ဖ - မတ္တတပ်ဖွဲ့ဝင်တွေတော့ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်တပ်သားတွေရဲ့ ဆိုင်ကယ်စစ်ကြောင်းဟာ မတ္တရာအရှေ့ပိုင်းနယ်ကို ရောက်ရှိနေတာ သုံးရက်ရှိသွားပြီဖြစ်ပြီး သဖန်းကိုင်းကျေးရွာ စာသင်ကျောင်းအတွင်း တညအိပ် တပ်စွဲကာ ပတ်ဝန်းကျင်ကျေးရွာ နယ်မြေတွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပါတယ်။
ဆိုင်ကယ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။