close

ထိုင်းနိုင်ငံတွင် အငြိမ်းစားဒုရဲမှူး ၁ ဦး ရွှေဆိုင်ဓားပြတိုက်မှုဖြင့် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံမြောက်ပိုင်း၊ လမ်းပွန်းခရိုင် လမ်းပွန်းမြို့ထဲမှာ  ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့တဲ့ ရွှေဆိုင်ဓားပြတိုက်မှုမှာ ကျူးလွန်သူလို့ သံသယရှိတဲ့ အငြိမ်းစားဒုရဲမှူး တဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်က လမ်းပွန်းမြို့ထဲက ကုန်စုံဆိုင်တစ်ဆိုင် ဓားပြမှုမှာ အလေးချိန် ၅ ဘတ် ( ၄ ကျပ်သားကျော် ) ရှိ ရွှေဆွဲကြိုးတွေပါသွားခဲ့သလို ဖေဖော်ဝါရီ ၂၅ ရက်ကလည်း  Big C ကုန်တိုက်ထဲရှိ ယောဝ်ဝရတ်ရွှေဆိုင်ထဲကို Food Penda အစားအစာပို့ဆောင်သူ ဝတ်စုံနဲ့ လူတစ်ယောက်က ဝန်ထမ်းတွေကို သေနတ်နဲ့ချိန်ရွယ်ပြီး အလေးချိန် ၇၆ ဘတ် ( ၇၀ ကျပ်သား )ခန့်ရှိ ရွှေဆွဲကြိုး ၂၃ ကုံး လက်စွပ် ၉ ကွင်းတို့ကို ယူဆောင်သွားခဲ့တာပါ။

ဒီအမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက လိုက်လံစုံစမ်းနေဆဲမှာဘဲ မနေ့က ချင်းမိုင်ခရိုင် ကျွမ်ထောင်န်းမြို့ရှိ ရွှေဆိုင်တစ်ဆိုင်မှာ လူတစ်ဦးက ဆွဲကြိုး ၁၀ ကုံးလာရောင်းခဲ့ရာမှာ ဆိုင်ရှင်က မသင်္ကာတာနဲ့ ရွှေတွေကို မဝယ်တဲ့အပြင် ရဲကိုပါအကြောင်းကြားခဲ့တာဖြစ်ပါတယ်။ 

ရဲတွေက ရွှေလာရောင်းသူကိုလိုက်လံစုံစမ်းရာမှာတော့ သူတို့သင်္ကာမကင်းဖြစ်နေတဲ့ အသက် ၆၁ နှစ်ရွယ်ရှိ နိုင်းဖိချိုင်း အိန္ဒပန်ဆိုသူ လမ်းပွန်းခရိုင်ရဲတပ်ဖွဲ့မှ အငြိမ်းစားဒုရဲမှူးကြီးဖြစ်နေတာကို သိလိုက်ရတယ်လို့  တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။ 

ဒါကြောင့် လမ်းပွန်းခရိုင်တရားရုံးကနေ မတ်လ ၃ ရက်နေ့က ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း ၊ သူ့ကိုဖမ်းမယ်ဆိုတာ သိသွားတဲ့နိုင်းဖိချိုင်းဟာ ဒီမနက်စောစောမှာ အိမ်ကနေ အဖြူရောင်ဟွန်ဒါကားနဲ့ထွက်ပြေးသွားကြောင်း ၊ တာဝန်ရှိသူတွေက နောက်ယောင်ခံ လိုက်ရာမှာ ၁ ကီလိုမီတာ လောက်မောင်းသွားချိန်မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ 

နိုင်းဖိချိုင်းက သူဟာ ငွေတွေကိုအတိုးနဲ့ချေးထားပြီး အကြွေးတွေအများကြီးတင်နေတဲ့ အတွက် အခုလိုဓားပြမှုကျူးလွန်ရတာဖြစ်ကြောင်း ၊ ကုန်စုံဆိုင်က ရွှေဆွဲကြိုးကို ဓားပြတိုက်တာလည်း သူပဲလို့ဝန်ခံပြီး အဆိုပါဆွဲကြိုးကိုတော့ တာ့ခ်ခရိုင် မဲဆောက်မှာ သွားရောင်းခဲ့တယ်လို့ ဆိုပါတယ်။ 

ကျန်ရှိရွှေတွေကိုတော့ လမ်းပွန်းမြို့ ပါဆဒ်အုပ်စု နောင်ဘိုရပ်ကွက်က နေအိမ်ဝင်းထဲမှာ ပလပ်စတိတ် အိတ်နဲ့ထုတ်ပြီး မြေကြီးထဲမြှုပ်ထားတာကို ပြန်လည်တူးဖော်ရရှိခဲ့ပါတယ်။ 

နိုင်းဖိချိုင်းဟာ လမ်းပွန်းခရိုင်ရဲတပ်ဖွဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနမှာ ဒုရဲမှူးကြီးအဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး လွန်ခဲ့တဲ့ ၁ နှစ်ကျော်က ပင်စင်ယူပြီး စိုက်ပျိုးရေးအလုပ် လုပ်နေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up