close

ပေါက်မြို့နယ်တွင် ရဲနှင့်ပျူစောထီးက မိခင်နှင့် ၃ နှစ်သားကလေးကို အဓမ္မပြုကျင့် သတ်ဖြတ်

ပေါက်မြို့နယ် အင်းငယ်ဒေါင့်ရွာနေ အမျိုးသမီးတစ်ယောက်ကို ရဲနဲ့ပျူစောထီးတွေက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ပြီး သားဖြစ်သူကိုလည်း ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုင်းလယ်ရဲစခန်း ဒုရဲအုပ်နဲ့ ပျူစောထီးခေါင်းဆောင်တို့က ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့မှာ အဓမ္မပြုကျင့်ပြီး သားအမိနှစ်ယောက်လုံးကို သေနတ်နဲ့ပစ်သတ်သွားကြတာလို့ ဒေသခံတစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။

“အဓမ္မပြုကျင့်ပြီး သေနတ်နဲ့ ပစ်သတ်တာဟာ တော်တော် လူမဆန်တဲ့ လုပ်ရပ်ပဲဗျ။ လူစိတ်မရှိတဲ့ကောင်တွေ။ ပေါက်တောင်ပိုင်း ဗျူစောထီးခေါင်းဆောင် ခိုင်ဇော်ဦးနဲ့ ကိုင်းလယ်ရဲ ရာဇူးမောင်တို့ ပစ်သတ်သွားတာ၊ အဲဒီအမျိုးသမီးရဲ့ သားဖြစ်သူ ၃ နှစ်အရွယ်ကလေးကိုပါ ရက်ရက်စက်စက် သတ်သွားကြတယ်။” 

ဒါ့အပြင် စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေဟာ မတ်လ ၅ ရက်နေ့မှာ အင်းငယ်ဒေါင့်ရွာက ပြည်သူတွေရဲ့ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၅ လုံးလောက် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ မတ် ၂ ရက်နေ့ညပိုင်းနဲ့ ၃ ရက်နေ့မနက်ပိုင်းတွေမှာလည်း ပေါက်မြို့နယ်တောင်ပိုင်းက လယ်ယာရွာနဲ့ လက်ပံလှ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၃၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ် တောင်ပိုင်း ဝန်ခြုံးရွာကနေ အင်းငယ်ဒေါင့်ရွာကို မတ် ၅ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ဘို့မယ်ရွာဘက်ကို ထိုးစစ်ဆင်လာလို့ ဒေသကာကွယ်ရေးညီနောင်မဟာမိတ်တွေ ပူးပေါင်း တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အဓမ္မပြုကျင့် သတ်ဖြတ်သွားတဲ့ ဖြစ်စဥ်ကို အသေးစိတ်သိရှိနိုင်ဖို့ ပေါက်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up