ပါကစ္စတန် သံတမန်ဟောင်း၏ သမီးဖြစ်သူအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူကို သေဒဏ်ချမှတ်

ပါကစ္စတန် သံတမန်ဟောင်းတယောက်ရဲ့ သမီးဖြစ်သူ နူးရ် မူခါဒမ်ကို အဓမ္မပြုကျင့် ခေါင်းဖြတ်သတ်မှုနဲ့ ပါကစ္စတန်နွယ်ဖွား အမေရိကန်နိုင်ငံသားကို ပါကစ္စတန်တရားရုံးက ဖေဖော်ဝါရီ ၂၄ ရက်မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။
အသက် ၂၇ နှစ်အရွယ် နူးရ်မူခါဒမ်ကို ၂၀၂၁ ဇူလိုင်လမှာ အစ္စလမ်မာဘတ်မြို့ ရပ်ကွက်တခုအတွင်း ခေါင်းပြတ်လျက်သား တွေ့ခဲ့တာပါ။
လူသတ်မှုအတွက် ပါကစ္စတန်ရဲ့ အချမ်းသာဆုံး မိသားစုတွေထဲကတခုရဲ့ မိသားစုဝင်ဖြစ်တဲ့ အမေရိကန် နိုင်ငံသား ဇာဟီယာ ဂျက်ဖာကို ရဲက တရားစွဲခဲ့ပါတယ်။
ဂျက်ဖာရဲ့ ဝန်ထမ်းတွေထဲက ၂ ယောက်ကိုတော့ ရာဇဝတ်မှုကို အားပေးကူညီမှု စွဲချက်တွေနဲ့ ထောင်ဒဏ် ဆယ်နှစ်စီ ချမှတ်ခဲ့ပါတယ်။
တောင်ကိုရီးယား နိုင်ငံဆိုင်ရာ ပါကစ္စတန် သံတမန်ဟောင်း ရှောင်ခတ် အလီ မူခါဒမ်ရဲ့ သမီး နူးရ် မူခါဒမ်ကို ဂျက်ဖာက သူ့အိမ်ကို ဖြားယောင်း ခေါ်ဆောင်ပြီး ၂ ရက်ကြာ ထိန်းသိမ်းထားအပြီးမှာ သတ်ခဲ့တာလို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
ဒီရာဇဝတ်မှုဟာ ပါကစ္စတန်နိုင်ငံတလွှားကို ယမ်းပုံမီးကျ ဒေါသထွက်စေခဲ့တာပါ။ ပါကစ္စတန် နိုင်ငံမှာ နှစ်စဉ် အမျိုးသမီးရာချီ အသတ်ခံနေရပြီး ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေကတော့ ရက်စက်တဲ့ အကြမ်းဖက်မှု သားကောင်တွေ ဖြစ်နေတာပါ။
ဒါပေမယ့် အမှု အနည်းငယ်သာ မီဒီယာအာရုံစိုက်တာခံရပြီး ကျူးလွန်သူတွေ အပြစ်ပေး ခဲ့ခံရပါတယ်။