ပေါက်မြို့နယ် တိုက်ပွဲတွင် စစ်တပ်က ၂၀ ကျော်သေဆုံးပြီး ရွာတရွာ မီးရှို့ခံရ

မကွေးတိုင်း ပေါက်မြို့နယ်မှာ မတ်လ ၅ ရက်နေ့မနက်ပိုင်းကနေ ညနေပိုင်းအထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးကာ ကျေးရွာတရွာကို မီးရှို့ဖျက်ဆီးသွားကြတယ်လို့ ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ SPGF က ပြောပါတယ်။
စစ်ကောင်စီတပ်တွေ၊ရဲတွေနဲ့ ပျူစောထီးတွေဟာ မနေ့ မနက်ပိုင်းက ပေါက်မြို့နယ် တောင်ပိုင်း ဝန်ခြုံးရွာကနေ အင်းငယ်ထောင့် ရွာလက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ဘို့မယ်ရွာဘက်ကို ထိုးစစ်ဆင်လာလို့ ဒေသကာကွယ်ရေးညီနောင်မဟာမိတ်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ SPGF ရဲ့ ပြန်ကြားရေးတာဝန်ခံ နဂါးလေးက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ပွဲကို SPGF၊ SPPDF၊ CAF နဲ့ PPCC မဟာမိတ်တပ်ဖွဲတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး မနေ့ မနက်ပိုင်းကနေ ညနေ ၃ နာရီလောက်အထိ တနေကုန် တိုက်ပွဲ ပြင်းထန်ခဲ့ကာ မဟာမိတ်အဖွဲ့က ရဲဘော် ၂ ယောက် လက်နက်ကြီးထိမှန် ဒဏ်ရာရရှခဲ့ပြီး မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေ၊ ရဲတွေ နဲ့ ပျူစောထီးတွေက အင်းငယ်ထောင့်ရွာက ကလေးငယ်တွေ အပါဝင် ပြည်သူ ၂၉ ယောက်ကို ဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ်ကာ ထိုးစစ်ဆင်လာတာကြောင့် သတိထားတိုက်ခိုက်ခဲ့ရတယ်လို့ ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ အထိနာခဲ့တဲ့ စစ်အုပ်စုတွေဟာ ပြည်သူနေအိမ်တွေကို မွှေနှောက်ကာ ငွေကြေးနဲ့ တန်ဖိုးရှိ ပစ္စည်တွေးကို ယူဆောင်ပြီး ညနေ ၆ နာရီလောက်မှာ အင်ငယ်ထောင့်ရွာကို မီးရှို့ ဖျက်ဆီးသွားကြတာဖြစ်ပြီး ဘယ်နှအိမ်မီးလောင်ကျွမ်းခဲ့တယ်ဆိုတာကိုတော့ အတိကျမသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ မတ် ၂ ရက်နေ့ညပိုင်းနဲ့ ၃ ရက်နေ့မနက်ပိုင်းတွေမှာ ပေါက်မြို့နယ်တောင်ပိုင်းက လယ်ယာရွာနဲ့ လက်ပံလှ ကျေးရွားတွေကို မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၃၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။