ဘန်ကောက်တွင် ဘတ် ၃ သန်းတန်ဖိုးရှိ ကိုကင်းများ ဝမ်းဗိုက်ထဲမြိုချသယ်လာသူ ၁ ဦး ဖမ်းမိ

ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်ကနေ ဝင်လာတဲ့ နိုင်ငံခြားသား ၁ ဦးထံကနေ ဘတ် ၃ သန်းကျော်တန်ဖိုးရှိ ကိုကင်းမူးယစ်ဆေးဝါး ၅၄ တောင့် ဝမ်းဗိုက်ထဲ မြိုချ သယ်ဆောင်လာတာ ဖမ်းဆီးရမိတယ်လို့ ထိုင်းအကောက်ခွန်ဦးစီးဌာနက မတ်လ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
မတ်လ ၅ ရက် မွန်းလွဲ ၁၂ နာရီခွဲက နိုင်ဂျီးရီးယားနိုင်ငံကနေ ဘန်ကောက်ကို ဆိုက်ရောက်လာတဲ့ အသက် ၄၄ နှစ်အရွယ် ဂီနီနိုင်ငံသားတဦးကို မသင်္ကာတာကြောင့် နောက်ယောင်ခံ စောင့်ကြည့်ခဲ့တယ်လို့ ထိုင်းအကောက်ခွန်ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ နိုင်းချိုင်းယုဒ်ခမ်းခွန်က သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါ နိုင်ငံခြားသားဟာ ဟိုတယ်တခုမှာ ကွာရန်တင်းဝင်နေပြီး မတ်လ ၆ ရက်က ဟိုတယ်ထဲမှ ထွက်လာစဉ် တာဝန်ရှိသူတွေက ခေါ်ယူပြီး သုဝဏ္ဏဘူမိဆေးရုံမှာ သူ့ခန္ဓာကိုယ်ကို အိတ်စ်ရေး (ဓာတ်မှန်) ရိုက်ကြည့်ခဲ့ရာမှာ ဝမ်းဗိုက်ထဲမှာ မသင်္ကာစရာတွေ တွေ့ရှိတာကြောင့် အလေးစွန့်စေခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကနေ ကိုကင်းမူးယစ်ဆေး ထည့်ထားတဲ့ ဆေးတောင့်ပေါင်း ၅၄ တောင့်ကို တွေ့ရှိကြောင်း၊ အလေးချိန်စုစုပေါင်း ၁,၀၈၀ ဂရမ်ရှိပြီး ကာလတန်ဖိုး ဘတ် ၃,၂၄၀,၀၀၀ ရှိမယ်လို့ ဆိုပါတယ်။
မတ်လ ၈ ရက်က စစ်ဆေးမှုအားလုံး ပြီးစီးခဲ့ပြီး နိုင်ငံထဲကို အဆင့် ၂ ပြင်းအားရှိ မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင်လာမှုနဲ့ အရေးယူသွားမယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံတကာလေဆိပ်ကနေ မနှစ် အောက်တိုဘာလကစ ဒီကနေ့ထိ တရားခံပေါင်း အယောက် ၃၀ ထံကနေ ဘတ် ၈၈၃,၉၆၆,၂၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းအကောက်ခွန်ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။