close

လျှပ်စစ်မီးမလာသဖြင့် CNG မော်တော်ယာဉ်များ ဓာတ်ငွေ့ဖြည့်ရန် အချိန်ကြာမြင့်စွာ စောင့်နေရ

ရန်ကုန်မှာ လျှပ်စစ်မီးပြတ်နေတာကြောင့် CNG သုံး မော်တော်ယာဉ်တွေ ဓာတ်ငွေ့ဖြည့်ဖို့ အချိန်ကြာမြင့်စွာ စောင့်နေကြရပြီး တချို့ကားသမားတွေကတော့ အချိန်တရက်လောက် ပေးမှသာ ဓာတ်ငွေ့ဖြည့်နိုင်တော့တယ်လို့ CNG မော်တော်ယာဉ်မောင်းတွေထံက သိရပါတယ်။
ရန်ကုန်မှာ လျှပ်စစ်မီးကို အချိန်ပိုင်းနဲ့သာ ရရှိတော့လို့ လျှပ်စစ်မီးအသုံးပြုပြီး ဖြည့်သွင်းရတဲ့ CNG ဆိုင်တွေမှာ CNG သုံး မော်တော်ယာဉ်တွေဟာ မနက်ပိုင်းမှစတင်ကာ ညနေပိုင်းလောက်အထိ တန်းစီစောင့်ဆိုင်းနေကြရသလို တချို့က ညအိပ်စောင့်ဆိုင်းရတဲ့ အခြေအနေတွေအထိ ဖြစ်ပေါ်နေတာပါ။
အရင်က CNG မော်တော်ယာဉ်တွေဟာ ဓာတ်ငွေ့ဖြည့်ဖို့အတွက် တန်းစီစောင့်ဆိုင်းစရာ မလိုတဲ့ ဆိုင်တွေကို ရွေးချယ်ပြီး သွားရောက်ဖြည့်သွင်းနိုင်ပေမဲ့ အခုအခါ တမြို့လုံး လျှပ်စစ်မီးပျက်တာ များပြားနေတဲ့အတွက် CNG ဆိုင်တိုင်းမှာ ကားတွေတန်းစီပြီး နေ့စဉ် စောင့်ဆိုင်းနေရတာလို့ လိုင်းကားမောင်းသူတဦးက ပြောပါတယ်။
“နေ့တိုင်းတော့ မစီရဘူး။ တရက်ခြားပေါ့။ ချောင်မယ့်ဆိုင်ကို လိုက်ကြည့်ရတာ။ အခုက ချောင်တဲ့ဆိုင် မရှိတော့ဘူး။ အကုန်ကျပ်နေတာ။ မီးပျက်၊ ဘာပျက်နဲ့ အကုန်ကျပ်နေတာ။ တချို့ဆို ညပါအိပ်ရတာ” လို့ YBS ၄၀ ယာဉ်မောင်းတဦးက ပြောပါတယ်။
အခုရက်ပိုင်း လျှပ်စစ်မီးပျက်တဲ့ အခြေအနေ ပိုဆိုးလာတဲ့အတွက် CNG ဆိုင်တွေက မီးစက်မောင်းပြီး ဖြည့်သွင်းပေးနေပေမဲ့ ဂက်စ်အိုးအပြည့်မရဘဲ သုံးပုံနှစ်ပုံသာသာလောက်သာ ရရှိလို့ တခါဖြည့်ရင် နှစ်ခေါက်လောက် ပြန်တန်းစီပြီးမှာသာ အိုးအပြည့်ရရှိတယ်လို့ တက္ကစီ ယာဉ်မောင်းတဦးက ပြောပါတယ်။
ခုအခါ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ ယာဉ်သွားလာမှု အရင်ကထက် လျော့နည်းလာပြီး လက်ရှိထွက်နေတဲ့ အငှားယာဉ်တွေကလည်း CNG မော်တော်ယာဉ်တွေသာ အများစုဖြစ်တယ်လို့လည်း သိရပါတယ်။
ရန်ကုန်မြို့အတွင်း CNG ဂက်စ်ဖြည့်နိုင်တဲ့ ဆိုင်ပေါင်း ၃၀ နီးပါးရှိပြီး အဆိုပါ ဂက်စ်ဖြည့်တင်းတဲ့ ပန့်တွေဟာ လျှပ်စစ်မီးအသုံးပြု မောင်းနှင်ရတဲ့အတွက် အခုလို လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်နေတဲ့အတွက် ဓာတ်ငွေ့ဖြည့်ဖို့ တန်းစီစောင့်ဆိုင်းနေရတဲ့ ကားတွေဟာ ဂက်စ်ဆိုင်တိုင်းလိုလို တွေ့ရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up