close

မြန်မာစစ်တပ်ကို တရားစွဲနိုင်ရေး NUG ကိုယ်စားလှယ်နှင့် သြစတြေးလျလွှတ်တော်အမတ်များ ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေနဲ့ မြန်မာ့အရေး စိတ်ဝင်စားတဲ့ ဗစ်တိုရီးယားပြည်နယ်အမတ်တွေ ဒီနေ့ တွေ့ဆုံပြီး ဩစတြေးလျတရားရုံးမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တရားစွဲဖို့ ဆွေးနွေးကြပါတယ်။

တွေ့ဆုံပွဲကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌလည်း တက်ရောက်ပြီး ကူညီနိုင်မယ့် နည်းလမ်းတွေကို မေးမြန်းခဲ့ပါတယ်။

ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ စစ်ကောင်စီတပ်တွေက လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ ရွာတွေကို မီးရှို့တာနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းပြုစုထားပြီး ဩစတြေးလျ တရားရုံးမှာ တရားစွဲနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဒေါက်တာထွန်းအောင်ရွှေက ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ပတ်သက်လို့ အာဂျင်တီးနား တရားရုံးမှာ အမှုဖွင့်ထားပြီးဖြစ်သလို နိုင်ငံတကာ တရားစီရင်ရေးစနစ်ကို အသိအမှတ်ပြုတဲ့ ဩစတြေးလျမှာလည်း အလားတူ အမှုဖွင့်ဖို့ ဆောင်ရွက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်က စစ်ဘေးသင့် ပြည်သူတွေကို အကူအညီပေးရေးကိစ္စ ကိုဗစ်နဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ဩစတြေးလျနိုင်ငံမှာ ပိတ်မိနေဆဲ မြန်မာကျောင်းသားတွေရဲ့ နေထိုင်ခွင့်ဗီဇာ သက်တမ်းတိုးဖို့ကိစ္စ၊ ဩစတြေးလျအစိုးရက စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့နိုင်မယ့် နည်းလမ်းတွေကိုလည်း ဒေါက်တာထွန်းအောင်ရွှေက ဆွေးနွေးပါတယ်။

လွှတ်တော်မတ်တွေကလည်း သူတို့ လုပ်ပိုင်ခွင့်ဘောင်ထဲက အတတ်နိုင်ဆုံး ကူညီသွားမယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up