close

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးကို ထောင်ဒဏ် ၂ နှစ် အမိန့်ချ

အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တယောက်ဖြစ်တဲ့ ဦးမြအေးကို  စစ်ကောင်စီထောင်တွင်းတရားရုံးက မတ်လ ၁၀ ရက် ဒီကနေ့မှာ  ပုဒ် ၅၀၅(ဂ)နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချလိုက်ပါတယ်။  

ဦးမြအေးရဲ့ သမီးဖြစ်သူက “ဒီနေ့က အဖေ့ရဲ့ ၅၆ နှစ်မြောက်မွေးနေ့ဖြစ်သလို၊ မတရားဖမ်းဆီးချုပ်နှောင်ခံနေတာ ၁နှစ်နဲ့ ၁၀ ရက်ကြာခဲ့တဲ့နေ့လဲဖြစ်တယ်။ စစ်ခုံရုံးနဲ့အသွင်မကွာလှတဲ့ အင်းစိန်ထောင်ထဲကတရားရုံးမှာ လပေါင်းများစွာ ရုံးထုတ်ပြီးတော့ ဒီနေ့အမိန့်ချလိုက်တာပါ။”လို့သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းစသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမြအေးကို  စစ်ကောင်စီက မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးထုတ်မှာ ပုဒ်မ ၅၀၅(ဂ) နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

ပုဒ်မ ၅၀၅(ဂ)ဆိုတာကတော့ လူအမျိုးအစားအချင်းချင်းဖြစ်စေ၊ လူအမျိုးစုအချင်းချင်းဖြစ်စေ၊ တဘက်နှင့် တဘက်ပြစ်မှု ကျူးလွန်အောင် လှုံ့ဆော်ရန်အကြံရှိလျှင်၊ သို့တည်းမဟုတ် အဆိုပါ လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူ့ကို ၂ နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်တယ်လို့ ဥပဒေမှာဖော်ပြထားပါတယ်။

ဦးမြအေးဟာ လက်ရှိမှာ ဖက်ဒရယ် ဒီမိုကရက်တစ်အင်အားစု (FDF) ရဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

၁၉၈၈  ဒီမိုကရေစီအရေးတော်ပုံမှာ ပါဝင်ခဲ့တာနဲ့ပတ်သက်ပြီး ကျောင်းသားခေါင်းဆောင် ဦးမြအေးကို ၁၉၈၉ ခုနှစ်မှာ စစ်အုပ်စုက ပထမအကြိမ်ဖမ်းဆီး ထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့ပြီး ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဒုတိယအကြိမ် နှစ်ရှည်ထောင်ဒဏ် ၆၅ နှစ်ခွဲချမှတ်ခဲ့ကာ အခုနွေဦးတော်လှန်ရေးမှာတော့  တတိယအကြိမ် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up