တောင်ကိုရီးယား၌ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ယွန်းဆက်ယိုးလ် သမ္မတသစ်ဖြစ်လာ

တောင်ကိုရီးယားရဲ့ အကြိတ်အနယ်အရှိဆုံး ရွေးကောက်ပွဲကနေ အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ယွန်းဆက်ယိုးလ်ကို မတ် ၁၀ ရက်မှာ သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်လိုက်ပါတယ်။
မတ်လ ၁၀ ရက် ညနေ ၅ နာရီခွဲ ဆန္ဒမဲ ၉၉ ဒသမ ၈ ရာခိုင်နှုန်း ရေတွက်ပြီးချိန်မှာ People Power Party မှ အသက် ၆၀ နှစ်ရှိ မစ္စတာယွန်းက ၄၈ ဒဿမ ၆ ရာခိုင်နှုန်းရရှိပြီး အတိုက်အခံပါတီမှ လီဂျေးမြောင်က ၄၇ ဒဿမ ၈ ရာခိုင်နှုန်း ရရှိကာ ပွတ်ကာသီကာ အနိုင်ရရှိခဲ့တာပါ။
လေးစားဂုဏ်ယူရတဲ့ အခြေခံဥပဒေနဲ့ ပါလီမန် တို့အောက်မှာ အတိုက်အခံပါတီတွေနဲ့ လက်တွဲဆောင်ရွက်ရင်း အကွဲအပြဲနိုင်ငံရေးကို ရင်ကြားစေ့ညီညွတ်ဖို့ ကြိုးစားသွားမယ်လို့ ယွန်းဆက်ယိုးလ်ကပြောပါတယ်။
“ကြီးမြတ်သောလူထုရဲ့ အောင်ပွဲပါ၊ ကျနော်တို့ ပြိုင်ဆိုင်မှု ပြီးသွားပါပြီ၊ အခုကစပြီး ကိုရီးသမ္မတနိုင်ငံနဲ့ ပြည်သူလူထုအတွက် ညီညီညွတ်ညွတ် လက်တွဲ ဆောင်ရွက်ကြပါစို့။”
အခြေခံဥပဒေအရ သမ္မတသက်တမ်း ၅ နှစ်သာ ထမ်းဆောင်ခွင့်ရှိတဲ့အတွက် လက်ရှိသမ္မတ မွန်ဂျေအင်းက သမ္မတသစ် ယွန်းဆက်ယိုးလ်ကို ဒီလထဲမှာ အာဏာလွှဲပြောင်းပေးရမှာပါ။
အာရှရဲ့ စတုတ္ထစီးပွားရေးအင်အားကြီးနိုင်ငံကို ယွန်းက လာမယ့်ငါးနှစ်အတွင်း ပဲ့ကိုင်ပုံဖော်သွားရ မှာပါ။