ချဲလ်ဆီးအသင်းပိုင်ရှင်၏ ပိုင်ဆိုင်မှုများကို ဗြိတိန်ပိတ်ပင်

ချဲလ်ဆီးဘောလုံးအသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်ရဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်ပစ်လိုက်ကြောင်း ဗြိတိန်အစိုးရက မတ်လ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။
အေဘရာမိုဗစ်အနေနဲ့ ဘောလုံးအသင်းကို ရောင်းချမယ့် အစီအစဉ်တွေ ပျက်သွားရပြီး ကလပ်အသင်းပိုင်ဆိုင်မှု လိုင်စင်သက်တမ်း ထပ်ရဖို့လည်း တားမြစ်ခံလိုက်ရတာပါ။
ဗြိတိန်အားကစားဝန်ကြီး နာဒင်းဒိုရီးစ်က “ချဲလ်ဆီးအသင်းကို ကစားပွဲအစီအစဉ်တွေမှာ ဆက်ပါဝင်ခွင့်ပြုထားမယ်။ အားကစားသမားတွေနဲ့ ဝန်ထမ်းတွေကို လစာပေးခွင့်ပြုထားမယ်။ ကစားပွဲလက်မှတ်တွေ ရောင်းချခွင့် ပြုထားမယ်။ ကလပ်လိုင်စင်ကိုတော့ ပြန်စစ်ဆေးမယ်” လို့ ပြောပါတယ်။
အေဘရာမိုဗစ်နဲ့အတူ ရုရှားသမ္မတ ပူတင်နဲ့ ဆက်နွှယ်နေတဲ့ တခြားရုရှားလုပ်ငန်းရှင် ၆ ဦးရဲ့ လုပ်ငန်းတွေ ပိုင်ဆိုင်မှုတွေကိုလည်း ဗြိတိန်အစိုးရက အရေးယူနေတာပါ။
ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က “ယူကရိန်းကို အရှက်မရှိ မျက်နှာပြောင်နဲ့ ဝင်တိုက်တဲ့ ပူတင်ကို ထောက်ခံတဲ့သူမှန်သမျှ လုံခြုံစိတ်ချစွာ အလုပ်လုပ်ရမယ့်နေရာ မရှိစေရပါဘူး၊ ဗြိတိန်က ယူကရိန်းလူထုကို မယိမ်းမယိုင် ထောက်ခံသွားမယ်။ ဆေးရုံတွေ အပြစ်မဲ့ အရပ်သားတွေကို သတ်ဖြတ်နေသူတွေကို ကျနော်တို့ သနားညှာတာစရာ တစက်မှ မရှိပါဘူး” လို့ ပြောပါတယ်။