close

ပိုလန်အနီး ယူကရိန်းစစ်အခြေစိုက်စခန်းကို ရုရှား လေကြောင်းတိုက်ခိုက်

နေတိုးအဖွဲ့ဝင် ပိုလန်နိုင်ငံအနီးရှိ ယူကရိန်းစစ်အခြေစိုက်စခန်းကို တနင်္ဂနွေနေ့က ရုရှား လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် စစ်ပွဲပိုမိုကျယ်ပြန့်လာမှာကို ဥရောပမှာ စိုးရိမ်နေပါတယ်။

ပိုလန်နဲ့ ၁၅ မိုင်အကွာမှာ ရှိတဲ့ ယူကရိန်းအနောက်ဘက် ယာဗိုရီမြို့  စစ်အခြေစိုက်စခန်းကို ရုရှား လေယာဉ်တွေက ဒုံးကျည်အလုံး ၃၀ လောက် ပစ်ခတ်ခဲ့တာမှာ ၃၅ ဦးသေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာရတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဗြိတိန်အစိုးရက နေတိုးအဖွဲ့ဝင် ပိုလန်အနီး တိုက်ခိုက်မှုဖြစ်ပွားတာ စစ်ပွဲ အရှိန်မြင့်မယ့်လက္ခဏာပဲလို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ နယ်မြေကို တလက်မမှ မထိနဲ့လို့ ကြိမ်းဝါးထားတာပါ။

အခုရက်ပိုင်း ရုရှားတပ်တွေက ယူကရိန်းနိုင်ငံတဝန်း ဖြန့်ကျက်တိုက်ခိုက်နေတာပါ။ ကိယက်ဗ်မြို့နဲ့ မိုင် ၁၀၀ အကွာရှိ ချာနိဗ်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်ပြီး ဗုံးဒဏ်ကြောင့် လူနေအိမ်တွေ မီးလောင်နေပါတယ်။

တောင်ဘက် ခါဆန်မြို့ကို ရုရှားတပ်က သိမ်းပိုက်ထားပြီး ဆန္ဒပြသူ ၄၀၀ ကျော်ကို ထိန်းသိမ်းထားပါတယ်။ 

စစ်ပွဲစပြီး ၁၈ ရက်မြောက်နေ့မှာတော့ ရုရှားနဲ့ ယူကရိန်း နှစ်ဖက်သံတမန်တွေကြား ဆွေးနွေးမှု တိုးတက်လာတယ်လို့ ရုရှားသံတမန်တဦးက ရိုက်တာသတင်းကို ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up