ယူကရိန်းလေတပ်စခန်းကို ရုရှား ဒုံးကျည်ဖြင့် ပစ်ခတ်

ကိယက်ဗ်မြို့တော်အနီး ဗာဆီလ်ကိဗ်မြို့နယ်ရှိ ယူကရိန်းလေတပ်စန်းကို ရုရှားတပ်တွေက မတ်လ ၁၂ ရက် မနက်ပိုင်းမှာ ဒုံးကျည်နဲ့ပစ်ခတ်ခဲ့တာကြောင့် လက်နက်ခဲယမ်းသိုလှောင်ရုံ မီးလောင်ကျွမ်းသွားတယ်လို့ ဗာဆီကိဗ်မြို့တော်ဝန်က ပြောပါတယ်။
ကိယက်ဗ်မြို့နဲ့ ၁၆ မိုင်အကွာ အနောက်မြောက်ဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ မြို့ကြီးအတော်များများမှာ မနက်ကတည်းက လေကြောင်းအချက်ပေးသံတွေ ကြားနေရပြီး ဗုံးတွေ အဆက်မပြတ် ကြဲခံရတာပါ။
ရုရှားတပ်တွေ ပြန်လည်စုစည်းနေပြီး ရက်ပိုင်းအတွင်း မြို့တော်ကိယက်ဗ်ကို ထိုးစစ်ကြီးတခု ဝင်လိမ့်မယ်လို့ ဗြိတိသျှကာကွယ်ရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ၁၁ ရက်နေ့ကလည်း ရုရှားတပ်တွေကြဲတဲ့ ယူကရိန်းတောင်ပိုင်း မေကိုလိုက်ဗ် ဆိပ်ကမ်းမြို့ရှိ ကင်ဆာဆေးရုံတရုံကို ထိမှန်ခဲ့ပါတယ်။
ဆေးရုံ အပျက်အစီးတွေနဲ့ ကွဲနေတဲ့ ပြူတင်းတံခါးတွေကို မြို့ကျန်းမာရေးဌာန အကြီးအကဲက ဆိုရှယ်မီဒီယာကနေ ဗွီဒီယို တင်ခဲ့တာပါ။
ရုရှားတပ်တွေ မြို့ကို ဆက်တိုက်နေပေမဲ့ ကင်ဆာဆေးရုံကို ဆက်ဖွင့်ထားပြီး အထူးကုတွေက လူနာတွေကို ကုသပေးနေမယ်လို့ ပြောပါတယ်။ မေကိုလိုက်ဗ်မြို့ အုပ်ချုပ်ရေးမှာက ရုရှားတို့က စနေနေ့မှလည်း ဆက်ဗုံးကြဲနေတယ်လို့ ပြောပါတယ်။