ကမ္ဘာ့တဝန်းတွင် ကုန်ဈေးနှုန်းတက်ပြီး ငွေကြေးဖောင်းပွနေ

ဒီအပတ်အတွင်း မတ်လ ၁၁ ရက်နေ့အထိ ကမ္ဘာ့စီးပွားရေးကတော့ နိုင်ငံတိုင်းလိုလိုမှာ ကုန်ဈေးနှုန်းကြီးမှု၊ ငွေကြေးဖောင်းပွမှု သတင်းတွေက လွှမ်းမိုးနေပါတယ်။
ရေနံ၊ သတ္တု၊ အရာအားလုံး ဈေးမြင့်တက်နေပြီး မတ် ၁၃ ရက်က ရေနံတစည်ကို ၁၃၉ ဒေါ်လာထိ စံချိန်တင် အမြင့်ဆုံးတက်ခဲ့ကာ နိုင်ငံအများစုရဲ့ အထွေတွေကုန်ဈေးနှုန်းတွေကို ရိုက်ခတ်ခဲ့ပါတယ်။
ရုရှားရဲ့ တင်ပို့မှုကို ဒဏ်ခတ်ဖို့ရှိတာကြောင့် နီကယ်ဈေးနှုန်းက ၁ တန်ကို ဒေါ်လာ ၁ သိန်းအထိ တက်သွားပါတယ်။ နှစ်စဉ် ငွေကြေးဖောင်းပွမှုနှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်း လျာထားတဲ့ အမေရိကန်နိုင်ငံမှာ ငွေကြေးဖောင်းပွမှု ၇ ဒသမ ၉ ရာခိုင်နှုန်းထိ မြင့်တက်နေပြီး နှစ်ပေါင်း ၄၀ အတွင်း စံချိန်တင် မြင့်တက်နေတာပါ။
စားသုံးသူတွေအနေနဲ့ မရပ်တမ်း တက်နေတဲ့ အိမ်ငှားခ၊ အစားအစာနဲ့ ဓာတ်ဆီဈေးတွေကို ညည်းညူနေပါတယ်။
အမေရိကန်လွှတ်တော်က ပြည်ထောင်စုအစိုးရကို ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ ရန်ပုံငွေပေးဖို့ မတ် ၁၀ ရက်က အတည်ပြုခဲ့ပါတယ်။
အဲဒီအထဲမှာ ယူကရိန်းကို အရေးပေါ် ဒေါ်လာ ၁၃ ဒသမ ၆ ဘီလီယံ ကူညီဖို့လည်း ပါဝင်ပါတယ်။ လွှတ်တော်က အစိုးရဘတ်ဂျက်ပိတ်ပင်မှု ဖြစ်ရပ်ကို ရှောင်ရှားဖို့ ပါတီကြီးနှစ်ခုက လပေါင်းများစွာ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပါတယ်။
Amazon အွန်လိုင်းအရောင်းကုမ္ပဏီကြီးကတော့ မတ် ၁၀ ရက်က ရှယ်ယာ ၅ ရာခိုင်နှုန်း တက်သွားပါတယ်။ ကုမ္ပဏီက အသေးစားရင်းနှီးမြှုပ်နှံမှုကို ပိုမိုဆွဲဆောင်ဖို့ ဈေးချိုတဲ့ စတော့ ၂၀ လောက်ကို ထပ်ခွဲထုတ်ပေးမယ်လို့ ကြေညာပါတယ်။