close

ပင်လုံတွင် မူးယစ်ဆေးသုံးထားသည့် သားဖြစ်သူက မိဘနှစ်ပါးအား သတ်ဖြတ်ပြီး အလောင်းဝှက်ထား

ရှမ်းပြည်တောင်ပိုင်း လျွိင်လင်ခရိုင် ပင်လုံမြို့မှာ မူးယစ်ဆေးသုံးစွဲထားတဲ့သားဖြစ်သူက  မိဘ နှစ်ပါးကို သတ်ဖြတ်ပြီး အလောင်းတွေကို ခုတင်အောက်နဲ့ အိမ်ခြံဝင်းထဲ  မြှုပ်နှံထားခဲ့တဲ့အမှု ဖြစ်ပွားခဲ့ပါတယ်။

ပင်လုံမြို့ ရပ်ကွက် ၃ ရှိ နေအိမ်တစ်အိမ်မှာနေထိုင်သူ ဦးလောနဲ့ နန်းမတ် (အမည်လွှဲ) တို့ဇနီးမောင်နှံဟာ ရက်အတန်ကြာပျောက်ဆုံးနေပြီး ဆွေမျိုးတွေက အဆက်အသွယ်မရလို့ မတ် ၁၂ ရက်က သက်ဆိုင်ရာကို တိုင်ကြားခဲ့ကြောင်း၊ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာမှာ အိပ်ခန်းခုတင်အောက်မှာ ဖွက်ထားတဲ့ ဦးလောရဲ့အလောင်းနဲ့ နန်းမတ်ရဲ့အလောင်းကိုလည်း အိမ်ဝင်းရှိ ထင်းပုံဘေးမှာ မြှုပ်ထားတာ တွေ့ရတယ်လို့ ပင်လုံမြို့ ဖြူစင်မေတ္တာနာရေးနဲ့ မြတ်နှလုံးသားလူငယ်အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းယုံးက ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့က ဈေးရောင်းတာလေ။ ခုတလော ဈေးသွားတာလည်း မတွေ့၊ ဖုန်းဆက်လို့လည်း မရဘူး။ ၁၂ ရက်နေ့က သူတို့သားကြီးကိုတွေ့တယ်၊ အဲဒါဆွေမျိုးတွေက သွားမေးတော့ သူ့အမူအယာ ပျက်နေတယ်၊ ပြီးတော့ အိမ်တံခါးသော့ခတ်ပြီးအပြင်ထွက်သွားတယ်တဲ့။ ဆွေမျိုးတွေက သက်ဆိုင်ရာကိုတိုင်တော့ ကျနော်တို့လည်းလိုက်သွားရတယ်၊ အိမ်တံခါးသော့ဖျက်ပြီး အထဲဝင်ရှာတော့ ခုတင်အောက်မှာ ဦးလောရဲ့အလောင်းကိုတွေ့တာ၊ လည်ပင်းမှာ ဓားထိုးခံရတဲ့ဒဏ်ရာနဲ့၊ အလောင်းက ပုပ်ပွနံစော်နေပြီ၊ အသတ်ခံရတာကြာပြီထင်တယ်။ အလောင်းကိုဆေးရုံသယ်ခဲ့ပြီး ရဲတွေက သူတို့သားကိုလိုက်ရှာတယ်။ ညနေ ၆ နာရီကျော်လောက် ပင်လုံ-တောင်ကြီးအထွက်လမ်း ပန်မုံ့ရွာနားမှာ အိတ်တလုံးနဲ့လမ်းလျှောက်နေတဲ့ သူ့ကိုဖမ်းမိတာ၊ သူက အမေရဲ့ အလောင်းကိုလည်း ခြံဝင်းထဲက ထင်းပုံနားမှာ မြှုပ်ထားတယ်လို့ ဝန်ခံတယ်။”

သူတို့သားမှာ အသက် ၂၀ ကျော်ရွယ်ရှိပြီး ဒီမတိုင်ခင်က ဆိုင်ကယ်လိုချင်ကြောင်း မိဘတွေကိုပူဆာရာက မိဘက ဝယ်မပေးနိုင်တာကြောင့်  မိဘနှစ်ပါးလုံးကို ဓားနဲ့ထိုးသတ်ခဲ့တာလို့ ဆိုပါတယ်။ 

လူသတ်မှု ကျူးလွန်ခဲ့တဲ့နေ့ကို အတိအကျမပြောပေမယ့် မတ် ၁၀ ရက်လို့ တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။

သူဟာ ရာဘဆေးသုံးတတ်ပြီး စိတ်သိပ်မနှံ့ကြောင်း၊ သူတို့အဖေကတော့ လေဖျန်းပြီး အိပ်ရာက မထနိုင်တာကြာပြီလို့ ဆွေမျိုးနီးစပ်တွေက ပြောပါတယ်။ 

လူသတ်မှုကျူးလွန်သူကို လက်ရှိ ပင်လုံမြို့မရဲစခန်းမှာ  ဖမ်းဆီးထိန်းသိမ်းထားပြီး တရားဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up