ပေကျင်းဆောင်းရာသီ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲ ကျင်းပ

တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၂ ပေကျင်းဆောင်းရာသီ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲကို မတ် ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။
မြို့တော်ပေကျင်းက အမျိုးသားအားကစားရုံမှာ ကျင်းပတဲ့ ပိတ်ပွဲမှာ ချစ်ခြင်းမေတ္တာဆိုတဲ့ သတင်းစကားကို ဖော်ဆောင်ခဲ့ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်လို့ တခြားနိုင်ငံတွေက အားကစားသမားအဖွဲ့တွေက အိုလံပစ်ပွဲကို သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီးတဲ့နောက် ပွဲမစခင်မှာ နိုင်ငံတကာ မသန်စွမ်း အိုလံပစ်ကော်မတီ (IPC) က ရုရှားနဲ့ ဘဲလာရုစ် နိုင်ငံသား အားကစားသမားတွေကို ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
ပွဲစကတည်းက ယူကရိန်း အားကစားအဖွဲ့ဟာ ရွှေတံဆိပ် ၁၁ ခုအပါအဝင် ဆုတံဆိပ် ၂၉ ခုနဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို ရသွားခဲ့တာပါ။
အိမ်ရှင် တရုတ်နိုင်ငံကတော့ ရွှေတံဆိပ် ၁၈ ခု အပါအဝင် ဆုတံဆိပ် ၆၁ ခုနဲ့ ပထမနေရာကို ရခဲ့ပြီး ကနေဒါနိုင်ငံကတော့ ရွှေတံဆိပ် ၈ ခုနဲ့ တတိယနေရာကို ရခဲ့ပါတယ်။