close

ပြည်တွင်း လေယာဉ်လက်မှတ်ခနှုန်းထားများ တိုးမြှင့်

ပြည်တွင်းမှာ ပျံသန်းပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေရဲ့ လေယာဉ်လက်မှတ်ခနှုန်းထားတွေကို မတ်လ ၁၃ ရက် ဒီကနေ့ကစပြီး ခရီးစဉ်အလိုက် ပျမ်းမျှ ကျပ်နှစ်သောင်းနှုန်း တိုးမြှင့်ပြင်ဆင်လိုက်တယ်လို့ လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တွေက ပြောပါတယ်။

လောင်စာဆီစျေးနှုန်းတွေ မြင့်တက်လာတဲ့ အကျိုးဆက်ကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Myanmar Airways International လေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူခရီးစဉ်အတွက် အမေရိကန်ဒေါ်လာ ၁၄ ဒေါ်လာ၊  ရန်ကုန်-ဘန်ကောက်ခရီးစဉ်အတွက် အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာ တိုးမြှင့်ပြင်ဆင်ခဲ့ပါတယ်။

အခုအခါ ပြည်တွင်းမှာ ပျံသန်းပြေးဆွဲနေတဲ့ လိုင်းကြောင်းလိုင်းအသီးသီးကလည်း အရင်ပြေးဆွဲနေတဲ့ နှုန်းထားနဲ့ တွက်ခြေမကိုက်တော့လို့ လေယာဉ်လက်မှတ်ခနှုန်းထားသစ်တွေကို ဒီကနေ့ တရားဝင်ပြင်ဆင် ပြောင်းလဲလိုက်တာပါ။

ပြည်တွင်းလေယာဉ်လက်မှတ်အရောင်း ဝန်ဆောင်မှုပေးနေတဲ့ အေဂျင်စီတခုက “ဒီကနေ့က စပြီးတော့ ပြည်တွင်းလေယာဉ်လက်မှတ်ခနှုန်းတွေ အကြမ်းဖျင်းပေါ့နော်။ ခရီးစဉ်တခုကို ကျပ် နှစ်သောင်း တိုးမြင့်လိုက်ပါတယ်။ အဓိက ကတော့ လောင်စာဆီစျေးတွေ တက်လာလို့ လေယာဉ်လက်မှတ်ခနှုန်းကို တိုးမြင့်လိုက်တာလို့ သိရပါတယ်။ ပြည်တွင်းလေကြောင်းလိုင်းတွေကတော့ သူ့ရက်နဲ့သူပေါ့နော်၊ ပုံမှန် ပြန်ထွက်နေပါတယ်ခင်ဗျ။ အခုလို စျေးတွေ တိုးမြှင့်လိုက်လို့လည်း လေယာဉ်စီးခရီးသည်တွေ နည်းသွားမလားဆိုတာကတော့ မဖြစ်မနေ သွားဖို့ရှိတဲ့ သူတွေအတွက်ကတော့ စျေးတက်သွားလည်း စီးရမှာပဲလေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီး ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်တဦးက “ပြည်တွင်း လေကြောင်းလိုင်းတွေမှာ အကျိုးအမြတ်ရတဲ့ လေကြောင်းလိုင်းဆိုတာက တော်တော်လေး ရှားပါတယ်ဗျ။ ဒါကြောင့်ပဲ ပြည်တွင်းလေကြောင်းလိုင်းတွေက ကြီးထွားမှုနည်းခဲ့ရတယ်နော်။ ဆွဲတော့ ဆွဲနေတာပဲ။ များများရှုံးတာနဲ့ နည်းနည်းရှုံးတာပဲ ရှိတယ်။ ဒါကလည်း ခရီးသွားလုပ်ငန်းက အနာဂတ်မှာ ကောင်းလာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားနေကြတာပါ။ တခြားနိုင်ငံတွေမှာတော့ အဲဒီလိုမဟုတ်ဘူး။ တိုးတက်လာနိုင်ခြေရှိတယ်ဆိုရင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေက ဝင်လာကြတယ်။ ပြည်တွင်းမှာတော့ သူဌေးကြီးတွေကပဲ ဒီဟာကို စိုက်ထုတ်ပြီးတော့ မြှုပ်နှံထားကြတာ။ ဆိုတော့ ခရိုနီ သူဌေးကြီးတွေ သူတို့ တောင့်ခံနိုင်တဲ့အထိတော့ ဆက်သွားနေဦးမယ် ထင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်တွင်းခရီးစဉ်အတွက် ပျံသန်းပြေးဆွဲနေတဲ့ ပုဂ္ဂလိက လေကြောင်းလိုင်းတွေက Air KBZ ၊ Air Thanlwin ၊ Mann Yadanarpon ၊ Golden Myanmar လေကြောင်းလိုင်းတို့ဖြစ်ကြပြီး စစ်အုပ်စုနဲ့ နီးစပ်တဲ့ ခရိုနီသူဌေးကြီးတွေက ပိုင်ဆိုင်ကြတာပါ။ 

အဆိုပါ ပုဂ္ဂလိကလေကြောင်းလိုင်းတွေနဲ့အတူ နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်း (MNA) လိုင်းကလည်း ပြည်တွင်းခရီးစဉ်တွေ ပျံသန်းပြေးဆွဲပေးနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up