ယူကရိန်းစစ်ပွဲမရပ်ပါက ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းဖြစ်လာမည်ဟု သတိပေး

ယူကရိန်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေရင် ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်း ကြုံတွေ့လာမယ်လို့ ရုရှားနိုင်ငံက ကျောက်မီးသွေးနဲ့ ဓာတ်မြေဩဇာ စီးပွားရေးလုပ်ငန်းရှင် အန်ဒရီမလ်နီချန်ကိုဟာ သတိပေးလိုက်ပါတယ်။
အန်ဒရီမလ်နီချန်ကိုဟာ ယူကရိန်းစစ်ပွဲကို အမြန်ဆုံး ရပ်စဲဖို့ တောင်းဆိုလာတဲ့ ရုရှားစီးပွားရေးလုပ်ငန်းရှင်လည်း ဖြစ်ပါတယ်။
အသက် ၅၀ အရွယ် ရုရှားရဲ့ အကြီးမားဆုံး အမိုနီယမ် နိုက်ထရိတ် မြေဩဇာထုတ်လုပ်တဲ့ Uralchem ကုမ္ပဏီပိုင်ရှင်က ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှုဟာ မယုံကြည်နိုင်လောက်အောင် နာကျင်ခံစားရပြီး တကယ်ကြေကွဲခံစားရပါတယ်လို့ ရိုက်တာကို ပြောခဲ့တာပါ။
“ကူးစက်ရောဂါကပ်ဘေးကြောင့် ကုန်ပစ္စည်းသယ်ပို့မှု Supply Chain လုပ်ငန်းတွေ ပြတ်တောက်ခဲ့ရပြီး အခုစစ်ပွဲအကျိုးဆက်ကြောင့်ပါ လယ်သမားတွေ စိုက်ပျိုးရေး သွင်းကုန်တွေအတွက် အခက်အခဲရှိမယ်၊ အထူးသဖြင့် ဆင်းရဲတဲ့နိုင်ငံတွေမှာ စားနပ်ရိက္ခာ ရှားပါးပြတ်လပ်မှုတွေ ဖြစ်မယ်”လို့ မလ်နီချန်ကိုက သတိပေးလိုက်တာပါ။
ရုရှားက ကမ္ဘာ့ဓာတ်မြေဩဇာရဲ့ ၁၃ ရာခိုင်နှုန်းကို တင်ပို့နေတာပါ။ သမ္မတပူတင်ကလည်း ဓာတ်မြေဩဇာ ဈေးတက်လို့ စားသောက်ကုန်ဈေးတက်မယ်လို့ ပြောပါတယ်။
ရုရှားရဲ့ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင် အတော်များများက စစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို တောင်းဆိုလာနေတာပါ။
ပြီးခဲ့တဲ့အပတ်မှာ ဥပရောပသမဂ္ဂက မလ်နီချန်ကိုရဲ့ ဒေါ်လာ ၅၇၈ သန်းတန် ဇိမ်ခံရွက်လှေကို သိမ်းဆည်းခဲ့ပါတယ်။