ရုရှားနိုင်ငံပိုင်ရုပ်သံ သတင်းလွှင့်နေစဉ် ဝန်ထမ်းတဦး စစ်ဆန့်ကျင်ရေးဆန္ဒပြ

ရုရှားရဲ့ နိုင်ငံပိုင်ရုပ်သံ TV Channel One က သတင်းတိုက်ရိုက်လွှင့်နေစဉ်မှာ သတင်းတင်ဆက်နေသူရဲ့ နောက်ကနေ ရုတ်တရက် အမျိုးသမီးတဦးက ‘စစ်ပွဲအလိုမရှိ’ ပိုစတာကိုင်ဆောင်ထွက်လာပြီး စစ်ပွဲဆန့်ကျင် ကြွေးကြော်ခဲ့မှု အံ့အားသင့်ဖွယ် ဖြစ်ပွားခဲ့ပါတယ်။
ရုပ်သံထုတ်လုပ်ဝန်ထမ်းဖြစ်တဲ့ မာရီနာ အိုစယာနီကိုဗာ ဆိုသူဟာ ‘No War’ ပိုစတာနဲ့အတူ “စစ်ပွဲကို ချက်ချင်းရပ်၊ ဝါဒဖြန့်တာ မယုံကြနဲ့၊ သူတို့ သင့်ကို လိမ်နေတာ” လို့ သတင်းတင်ဆက်နေသူနောက်ကနေ အော်ခဲ့တာပါ။
ရုပ်သံစီစဉ်သူတွေက အခြားမြင်ကွင်းကို ချက်ချင်းပြောင်းလိုက်တာကြောင့် သူ အော်ခဲ့တာ စက္ကန့်အနည်းငယ်ပဲ ကြာသွားပါတယ်။
အစိုးရသတင်းကြည့်နေတဲ့ ရုရှားပြည်သူ သန်းပေါင်းများစွာက တိုက်ရိုက်မြင်လိုက်ရပြီး အံ့အားသင့်ခဲ့ပါတယ်။ မာရီနာကို ဖမ်းဆီးပြီး ရဲစခန်းကို ခေါ်ဆောင်သွားပါတယ်။
အဲဒီဖြစ်ရပ်မတိုင်ခင်မှာ မာရီနာက ရုရှားကျူးကျော်စစ်ပွဲကို ပြင်းပြင်းထန်ထန် ပြောဆိုထားတဲ့ ဗွီဒီယိုကို အင်တာပေါ်မှာ လွှင့်ခဲ့ပါသေးတယ်။
သူက “အခု ယူကရိန်းမှာ ဖြစ်နေတာတွေဟာ ရာဇဝတ်မှုပဲ၊ ရုရှားဟာ ကျူးကျော်တဲ့နိုင်ငံပဲ၊ အဲဒီကျူးကျော်စစ်အတွက် တာဝန်ရှိတဲ့သူက တယောက်တည်းပဲ၊ အဲဒီလူက ပူတင်ပါ။ ကျမအဖေက ယူကရိန်း၊ ကျမအမေက ရုရှား၊ ဘယ်တုန်းကမှ ရန်သူတွေ မဖြစ်ခဲ့ဘူး။ စိတ်မကောင်းစရာက ပြီးခဲ့တဲ့နှစ်တွေမှာ နိုင်ငံပိုင် Channel One ရုပ်သံကနေ ကျမ ဝါဒဖြန့်တာတွေ လုပ်ပေးခဲ့ရတယ်၊ တီဗွီကြည့်သူတွေကို လိမ်ပေးခဲ့ရတယ်၊ ရုရှားပြည်သူတွေကို အရူးလုပ်ခဲ့ရတယ်၊ ကျမ ရှက်မိပါတယ်၊ ဝမ်းနည်းလို့ မဆုံးဘူး..” လို့ ပြောထားပြီး ရုရှားပြည်သူတွေ စစ်ဆန့်ကျင်ရေး လမ်းပေါ်ထွက်ဆန္ဒပြကြဖို့ တိုက်တွန်းထားပါတယ်။
အသက် ၄၃ နှစ်ရှိ မရီနာ အိုစယာနီကိုဗာကို ၂၄ နာရီ ဖမ်းဆီးထားခဲ့ပြီးနောက် ဒီနေ့ တရားရုံး ထုတ်ခဲ့ပါတယ်။
ပြင်သစ်သမ္မတမာခရွန်က မာရီနာကို အကာအကွယ်ပေးဖို့ ရုရှားအစိုးရကို မေတ္တာရပ်ခံခဲ့ပြီး ယူကရိန်းသမ္မတဇလန်းစကီးက မာရီနာကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။