ယူကရိန်းတွင် တစက္ကန့် ကလေး ၁ ယောက်နှုန်း စစ်ဘေးဒုက္ခသည် ဖြစ်လာနေဟု ကုလပြော

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်က စတင်ကာ ရုရှားနိုင်ငံက ကျူးကျော်ထိုးစစ်ဆင်မှုကြောင့် ယူကရိန်းကလေးငယ် ၁ ဒသမ ၄ သန်းလောက် ထွက်ပြေးခဲ့ကြရပြီး တစက္ကန့်မှာ ကလေး ၁ ယောက်နှုန်း စစ်ဘေးဒုက္ခသည် ဖြစ်လာနေတယ်လို့ ကုလသမဂ္ဂအဖွဲ့က ပြောလိုက်ပါတယ်။
နေရပ်ရွှေ့ပြောင်းသွားလာ နေထိုင်သူများဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (အိုင်အိုအမ်) ရဲ့ လတ်တလော သတင်းအချက်အလက်တွေအရ ယူကရိန်းမှာ လူပေါင်း ၃ သန်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အဲဒီထဲက ထက်ဝက်ကတော့ ကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းမ်စ် အယ်လ်ဒါက “ယူကရိန်းမှာ ပြီးခဲ့တဲ့ ရက်ပေါင်း ၂၀ အတွင်း ပျမ်းမျှအားဖြင့် နေ့တိုင်း ကလေးသူငယ် ၇ သောင်းကျော်ဟာ ဒုက္ခသည်တွေ ဖြစ်လာခဲ့တယ်။ ဒီပမာဏဟာ တစက္ကန့်မှာ ကလေး ၁ ယောက်နှုန်းပဲ။ ဒီနှုန်းနဲ့ အတိုင်းအတာအရ ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း မကြုံစဘူးပဲဖြစ်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အယ်လ်ဒါက စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် နေအိမ်တွေက ထွက်ပြေးတိမ်းရှောင်ကြရတဲ့ ကလေးတွေအနေနဲ့ မိသားစုတွေနဲ့ ကွဲကွာရတာ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာ၊ လူကုန်ကူးခံရတာမျိုးတွေ ကြုံတွေ့ရနိုင်ကြောင်းလည်း သတိပေးထားပြီး သူတို့ဟာ ဘေးကင်းရေး၊ တည်ငြိမ်မှုနဲ့ ကလေးကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုတွေ အလွန်အမင်း လိုအပ်နေတယ်လို့လည်း ပြောပါတယ်။