ဝမ်တိန်နယ်စပ်ဂိတ်မှ မြန်မာကုန်စည် ၇ မျိုးတင်သွင်းခွင့်ကို တရုတ်ဘက်က ယာယီရပ်ဆိုင်း

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်ဖို့အတွက် မြန်မာ-တရုတ်နယ်စပ် ဝမ်တိန်-မန့်မန်ဂိတ်ကတဆင့် ဆန်၊ ဆန်ကွဲအပါအဝင် မြန်မာပို့ကုန် ၇ မျိုး တင်သွင်းခြင်းကို ယာယီရပ်ဆိုင်းကြောင်း တရုတ်နိုင်ငံ ရွှေလီမြို့ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး Task Force အဖွဲ့က ကြေညာပါတယ်။
အဲဒီကြေညာချက်အရ ဆန်၊ ဆန်ကွဲ၊ ငရုတ်စိမ်း၊ အအေးခန်းစနစ်နဲ့ သယ်ယူရမယ့် ကုန်စည်၊ အေးခဲလတ်ဆတ်၊ အေးခဲကုန်စည် ၊ ရေထွက်ကုန်စည်၊ နေ့စဉ်သုံးကုန်ပစ္စည်းနဲ့ ထုတ်ပိုးရလွယ်ကူတဲ့ စားသောက်ကုန် စတဲ့ကုန်စည်တွေကို တင်သွင်းခွင့် ယာယီရပ်ဆိုင်းသွားမှာပါ။
ပြီးခဲ့တဲ့ မတ်လ ၂ ရက်ကလည်း တရုတ်ဘက်ခြမ်းက အကောက်ခွန်ဝန်ထမ်း၊ ကျန်းမာရေးဆေးစစ်ဝန်ထမ်းနဲ့ ရှန်တိန်ယာဉ်မောင်းတို့မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့လို့ ကျင်စန်းကျော့ဂိတ်ကို ကုန်စည်ဖြတ်သန်းခွင့် ဆယ်ရက်ကြာ ယာယီပိတ်ခဲ့ပါတယ်။
မတ်လ ၁၂ ရက်မှာ အဲဒီဂိတ်ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အခုတစ်ကြိမ်မှာတော့ ကုန်စည်တချို့ကို တင်သွင်းခွင့် ကန့်သတ်လိုက်တာပါ။
ကန့်သတ်မထားတဲ့ကုန်စည်တွေ ပုံမှန်အတိုင်း တင်သွင်းခွင့်ရှိပေမဲ့ တင်းကျပ်တဲ့ ကျန်းမာရေး စစ်ဆေးမူတွေကြောင့် လမ်းခရီးကြန့်ကြာမူတွေနဲ့ ကုန်ကျစရိတ်ကြီးမြင့်မူတွေကြောင့် တရုတ်−မြန်မာနယ်စပ်ကုန်သွယ်ရေးက နှောင်းနှေးနေဆဲ အခြေအနေမှာပဲရှိနေ ပါတယ်။
တရုတ်နိုင်ငံကို နယ်စပ်ကနေ တစ်ဆင့်ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊သစ်သီးဝလံတွေအပါအဝင် လယ်ယာထွက်ကုန်တွေ ရေထွက်ကုန်တွေနဲ့ ရာဘာတွေ တင်ပို့နေပြီး တရုတ်ဘက်ခြမ်းက ဆောက်လုပ်ရေးလုပ်ငန်းသုံး၊ လျှပ်စစ်ပစ္စည်း ၊ အိမ်သုံးပစ္စည်း ၊စက်မှုလုပ်ငန်းသုံးပစ္စည်းတွေနဲ့ စားသောက်ကုန်တွေကို တင်သွင်းနေတာဖြစ်ပါတယ်။
နောက်ဆုံးရရှိထားတဲ့ ကုန်သွယ်ရေးစားရင်းတွေအရ အခုနှစ် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုက အရင်နှစ်ကာလတူကုန်သွယ်မှုထက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံကျော် လျော့ကျနေပါတယ်။