close

မိုးကုတ်တွင် ဆယ်ကျော်သက်များအကြား မူးယစ်ဆေးသုံးစွဲသူ ပိုများလာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဆယ်ကျော်သက်အရွယ် လူငယ်တွေအကြား မူးယစ်ဆေးဝါးသုံးစွဲသူ ပိုတိုးလာနေတယ်လို့ အလင်းအိမ် မူးယစ်ဆေးဝါးဖြတ်ပြီးသူများအား ပြန်လည်ပြုစုထူထောင်ရေးကျောင်းမှ ဆရာနိုင်အောင်က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်တာတွေကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးတွေကို ပိုမိုဖြန့်ဖြူးလာကြတဲ့အပြင် လူငယ်တွေအနေနဲ့လည်း အလုပ်လက်မဲ့ ဖြစ်နေကြသူတွေ၊ ကျောင်းမတက်ရတာတွေကြောင့် သုံးစွဲသူတွေနဲ့ ပေါင်းမိရာကနေ အခုလို မူးယစ်ဆေးသုံးစွဲသူတွေ တိုးလာနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဆရာနိုင်အောင်က "ဒီနိုင်ငံရေးအခြေနေ မတည်ငြိမ်တဲ့အချိန်မှာ ကျောင်းတွေကလည်း ဖွင့်ရမယ့်အချိန် မဖွင့်နိုင်တဲ့အခါ၊ အလုပ် လုပ်ငန်းတွေကလည်း မဆင်မပြေတော့ လူငယ်တွေက အပျော်အပါးဘက်လိုက်ရင်းနဲ့ သုံးစွဲလာကြတာများတယ်။ ၁၈၊ ၁၉၊ ၂၀ အရွယ်တွေ သုံးတာပိုများတယ်" လို့ ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ မူးယစ်ဆေးသုံးစွဲသူ ၆၀ ရာခိုင်နှုန်းနီးပါး တိုးလာပြီး အသက် ၈ နှစ်အရွယ် ကလေးအထိပါ မူးယစ်ဆေးကို သုံးစွဲလာတာရှိတယ်လို့ သိရပါတယ်။
နိုက်ကလပ်တို့ KTV ကာရာအိုကေဆိုင်တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေပါ မူးယစ်ဆေး သုံးစွဲသူတွေထဲ ပါလာတဲ့အပြင် သူတို့ကို မူးယစ်ဆေးဖြတ်တဲ့ နေရာတွေကို ပို့ဆောင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဆရာနိုင်အောင်က "ကလပ်တို့ KTV တို့မှာက ရာမအစေ့ သုံးစွဲကြတယ်။ မူးယစ်ဆေးဖြတ်တဲ့ ကျောင်းတွေက မိန်းကလေးတွေ လက်မခံတာများတယ်။ အဲ့တော့ မူးယစ်ဆေးစွဲနေတဲ့ မိန်းကလေးတွေကို ဆေးဖြတ်ပေးဖို့ကလည်း အခက်အခဲတွေ ရှိနေတယ်။ မိုးကုတ်မှာ အမျိုးသမီးတွေအတွက် မူးယစ်ဆေးဖြတ်တဲ့ကျောင်းဖွင့်ဖို့ စီစဉ်နေတယ်" လို့ ပြောပါတယ်။
မြစ်ကြီးနား၊ လားရှိုးနဲ့ ရန်ကုန်အပြင် တခြားဒေသက ကျောင်းတွေမှာလည်း လူတွေပြည့်နေပြီး မိဘတွေအနေနဲ့ ကိုယ့်ရဲ့သားသမီးတွေ မူးယစ်ဆေးသုံးစွဲတာတွေကို မသိကြတာတွေလည်း ရှိနေပါတယ်။
မူးယစ်ဆေးတွေက ရှမ်းပြည်နယ်မြောက်ပိုင်းဘက်ကနေ မိုးကုတ်ကတဆင့် မိုးမိတ်၊စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ဘက်အထိ ရောင်းဝယ်ဖောက်ကားနေကြတာဖြစ်ပြီး မူးယစ်ဆေး သယ်ဆောင်သူနဲ့ ရောင်းဝယ်သူတွေကို ဖမ်းဆီးရမိတာတွေလည်း ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up