ကျူးဘားတွင် ဆန္ဒပြသူ အယောက် ၁၀၀ ကို ထောင်ဒဏ်များချမှတ်

ကျူးဘားနိုင်ငံ ဟာဗားနားမြို့က ဆန္ဒပြသူ အယောက် ၁၀၀ ကို မနှစ်က ဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်မှုအတွက် ထောင်ဒဏ် ၄ နှစ်ကနေ နှစ် ၃၀ ထိ ချမှတ်လိုက်ပါတယ်။
ဒီဆန္ဒပြပွဲဟာ ၁၉၅၉ ကျူးဘားတော်လှန်ရေး နောက်ပိုင်းမှာ အကြီးမားဆုံး ဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ဆီးဖို့ အပြင်းအထန် ကြိုးစားခဲ့တယ်လို့ တရားရုံးချုပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။
ပြစ်ဒဏ်စီရင်ခံ အများစုက မြို့တော် ဟာဗားနားရဲ့ ဆင်းရဲတဲ့ အပယ်ခံ ရပ်ကွက်သားတွေပါ။ သူတို့ဟာ ကျူးဘားနဲ့ နိုင်ငံခြားကလူတွေဆီက ချီတက်ဖို့ အမိန့်အရ လုပ်ခဲ့သူတွေလို့ တရားရုံးက ပြောပါတယ်။
ဆန္ဒပြပွဲတွေအတွက် အမေရိကန်က ငွေကြေးထောက်ပံ့ လှုံ့ဆော်ခဲ့တယ်လို့လည်း ကျူးဘားအစိုးရက အရင်က စွပ်စွဲဖူးပါတယ်။
မနှစ် ဇူလိုင် ၁၁ ရက်နဲ့ ၁၂ ရက်တွေက ကျူးဘား ပြည်လုံးကျွတ် ဆန္ဒပြပွဲအတွင်း လူအများအပြားက စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ လျှပ်စစ်မီး ပြတ်လပ်မှုအတွက် ဒေါသထွက်ပြီး ချီတက်ရင်း လွတ်လပ်ရေးကို ကြွေးကြော်ခဲ့ကြပါတယ်။
ဒါကြောင့် နိုင်ငံတဝန်းက လူ အယောက် ၇၀၀ ကျော်ဟာ ဆန္ဒပြပွဲအတွင်း ဖျက်ဆီးတာ၊ လူတွေနဲ့ ပိုင်ဆိုင်မှုတွေကို တိုက်ခိုက်တာနဲ့ အများပြည်သူ ကမောက်ကမဖြစ်အောင် အကြီးအကျယ်လုပ်တာ စတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောခဲ့ကြပါတယ်။