ရိုးသားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စရန် ရုရှားကို ယူကရိန်းသမ္မတ ကမ်းလှမ်း

အဓိပ္ပာယ်ပြည့်ဝ ရိုးသားမှုရှိတဲ့ ငြိမ်းချမ်းရေးဆွေးပွဲ ပြန်စဖို့ ရုရှားအစိုးရကို ယူကရိန်းသမ္မတဗိုလိုဒီမာ ဇလန်းစကီးက ကမ်းလှမ်းလိုက်ပါတယ်။
“ကျနော်တို့ ယူကရိန်းရဲ့ လုံခြုံရေး၊ ငြိမ်းချမ်းရေးအတွက် မှန်ကန်မျှတတဲ့ ဆွေးနွေးမှုတွေ ပြန်စချင်ပါတယ်။ ဒါက ရုရှားအတွက်လည်း ကျူးလွန်နေတဲ့ အမှားတွေ လျော့ချဖို့ အခွင့်အလမ်းပါပဲ။ အရင်ကတည်းက စေ့စပ်ဆွေးနွေးမှုတွေ၊ အဖြေရှာမှုတွေကို ကျနော်တို့ ဘက်က အမြဲတောင်းဆိုနေတာပါ၊ အခု ကျူးကျော်တဲ့ ၂၃ ရက်ကျမှ မဟုတ်ပါဘူး။ မော်စကို အနေနဲ့ ဆွေးနွေးပွဲကို မှန်ကန်စွာလာဖို့ အချိန်ကျပါပြီ။ ယူကရိန်းရဲ့ အချုပ်အခြာပိုင်နယ်မြေကို ပြန်ထိန်းသိမ်းဖို့ အချိန်ရောက်ပါပြီ။ ရုရှားအနေနဲ့ ဆုံးရှုံးမှုတွေကို မျိုးဆက်သစ်တွေနဲ ပြန်အစားထိုးဖို့ အချိန်ရောက်ပါပြီ” လို့ ယူကရိန်းသမ္မတက မတ် ၁၉ ရက်နေ့ မနက်အစောပိုင်း မိန့်ခွန်းမှာ ပြောသွားတာပါ။
ယူကရိန်းနဲ့ ရုရှားတို့ နှစ်ဖက်ကြားမှာ စကားပြောနေတာ ရှိပေမယ့် အခုအချိန်ထိ အဖြေ ထွက်မလာသေးပါဘူး။
ရုရှားတပ်ဖွဲ့တွေဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့တွေဆီကို လူသားချင်းစာနာမှု အကူအညီတွေ မဝင်နိုင်အောင် တမင် ရည်ရွယ်ချက်နဲ့ ပိတ်ပင်နေတယ်လို့လည်း ဇီလန်စကီးက ပြောသွားပါတယ်။
မတ် ၁၆ ရက်နေ့တုန်းက စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ မာရီပိုမြို့က ကဇာတ်ရုံ တိုက်ခိုက်ခံရပြီး လူဘယ်လောက် သေဆုံးသွားသလဲဆိုတာ မသိရသေးဘူးလို့ ယူကရိန်း သမ္မတ ပြောပါတယ်။ အခုအထိ လူပေါင်း ၁၃၀ ကို ကယ်ထုတ်နိုင်ခဲ့တယ် ဆိုပါတယ်။
မတ် ၁၈ ရက်နေ့ တရက်တည်းမှာ လူသားချင်းစာနာမှု အကူအညီပေးရေး လမ်းကြောင်းကနေ လူပေါင်း ၉,၀၀၀ ကို ကယ်ထုတ်ခဲ့ရတယ်လို့ ဇီလန်စကီးက ပြောပါတယ်။
သမ္မတ ရုံးရဲ့ ထုတ်ပြန်ချက်အရ မာရီပိုမြို့မှာ လူပေါင်း ၅၀၀၀ နီးပါး ပိတ်မိနေဆဲလို့ ဆိုပါတယ်။ မတ် ၁၈ ရက်နေ့က နိုင်ငံတဝန်း မြို့တွေကနေ အရပ်သား ပြည်သူ ၃၈၀၀ ကျော် ထွက်ခွာနိုင်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။