ဇီဝလက်နက်ထုတ်လုပ်မှု ရုရှားစွပ်စွဲချက် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ ရှုတ်ချ

ယူကရိန်းနိုင်ငံထဲမှာ ဇီဝလက်နက်တွေ ထုတ်လုပ်ဖန်တီးနေတယ်လို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ ရုရှားသံအမတ်က စွပ်စွဲပြောဆိုခဲ့တဲ့အပေါ် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ရုရှားဟာ မဟုတ်မမှန် အဓိပ္ပါယ်မရှိတဲ့ သတင်းအချက်အလက်အမှားတွေကို ဝါဒဖြန့်နေတယ်လို့ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ ကုလလုံခြုံရေးကောင်စီမှာ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် ဗာဆီလီနီဘန်ဇီယာက လုပ်ကြံဖန်တီးထားတဲ့ အထောက်အထားမှတ်တမ်းတွေနဲ့ တင်ပြခဲ့တာပါ။
ဒါဟာ အင်မတန်ကို အတင့်ရဲ မျက်နှာပြောင်တိုက် အရှက်မရှိတဲ့ စွပ်စွဲမှုတွေပဲလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါ သောမတ် ဂရင်းဖီးလ်က ပြောခဲ့ပါတယ်။
“နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး ဇီဝလက်နက်အစီအစဉ်တွေ လုပ်နေတာ ရုရှားပါ၊ ယူကရိန်းမဟုတ်ဘူး၊ ဓာတုလက်နက်တွေ နှစ်အတော်ကြာအောင် အသုံးပြုနေတာလည်း ရုရှားပါ၊ ယူကရိန်းမဟုတ်ဘူး၊ အခု ဦးနှောက်မရှိတဲ့ စစ်ပွဲကို ဆင်နွှဲနေတာလည်း ရုရှားပါပဲ”လို့ အမေရိကန် သံမတ်က တုံ့ပြန်ခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် ဘာဘာရာဝုဒ်ဝါဒ်ကလည်း “ဒီနေ့ ကျင်းပတဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ကြားချင်တာ တခုထဲပဲ ရှိတယ်၊ ရုရှားတပ်တွေ ယူကရိန်းက ပြန်ဆုတ်တာကိုပဲ၊ ယူကရိန်းက စစ်ပွဲ အလိုမရှိဘူး၊ အပြစ်မဲ့အရပ်သားတွေ သေကျေနေကြရတယ်။ ရုရှားလည်း ယူကရိန်းမှာ နွံ့နစ်နေပြီ၊ စီးပွားရေး သံတမန်ရေး ဝိုင်းကျဉ်ခံထားရပြီ၊ အဲတော့ ယူကရိန်းမှာရော ရုရှားမှာရော နှစ်ဘက်စလုံး ဆုံးရှုံးမှုတွေ ထပ်မဖြစ်ခင် အမြန်ဆုံးရပ်ကြပါ” လို့ တောင်းဆိုခဲ့ပါတယ်။