မြန်မာပြည်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် စစ်ခေါင်းဆောင်များ တာဝန်ခံရန် HRW တောင်းဆို

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၄၉ ကြိမ်မြောက် အစည်းအဝေးမှာတင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ကြိုဆိုလိုက်ပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက မြန်မာစစ်အုပ်စုဟာ စစ်အုပ်ချုပ်ရေးကို သတ္တိရှိရှိ ဆန့်ကျင်နေတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေကို နှိမ်နင်းဖို့ ရည်ရွယ်ပြီး တနိုင်ငံလုံးမှာ ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းခဲ့ပါတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်၊ ညှဉ်းပန်းနှိပ်စက်၊ မတရားဖမ်းဆီးတာနဲ့ အရပ်သားတွေကိုမခွဲခြားဘဲ တိုက်ခိုက်တာအပါအဝင် စစ်အုပ်စုရဲ့ ကျယ်ပြန့်ကြီးမားပြီး နည်းလမ်းတကျ ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေ ပါဝင်နေပါတယ်။
လူပေါင်း ၅ သိန်းကျော် ပြည်တွင်းမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လိုအပ်နေတဲ့ ပြည်သူတွေအတွက် အကူအညီတွေကိုလည်း စစ်တပ်က တမင်တကာပိတ်ဆို့ထားပြီး စုပေါင်း ပြစ်ဒဏ်ပေးတဲ့ ပုံစံမျိုး လုပ်ထားသလို စစ်အာဏာရှင်လက်အောက်ခံတပ်ဖွဲ့တွေဟာ တိုင်းရင်းသားဒေသတွေမှာ ဆယ်စုနှစ်ချီ ကျင့်သုံးခဲ့တဲ့ စစ်တပ်ရဲ့ မြေလှန်ဗျူဟာအတိုင်း မြန်မာပြည်သူတွေရဲ့အသက်တွေကို လုံးဝအလေးမထားဘဲ ခြိမ်းခြောက်နေတာတာလို့ ဆိုပါတယ်။
ဒီကနေ့ မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ သွေးထွက်သံယိုမှုတွေမှာ ရာဇ၀တ်မှုကျူးလွန်ခဲ့တာတွေအတွက် ပြစ်ဒဏ် လုံးဝမကျခံဖူးသေးတဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ တိုက်ရိုက်ရလဒ် ဖြစ်ကြောင်းနဲ့ ရက်စက်ယုတ်မာမှုတွေအကြောင်း အစီရင်ခံချက်တွေဟာ ရိုင်းစိုင်းတဲ့အရာရှိတွေရဲ့ လုပ်ရပ်မျှသာ မဟုတ်ဘဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တခြား စစ်ခေါင်းဆောင်တွေ ဦးဆောင်တဲ့ တနိုင်ငံလုံး မူဝါဒကို ထင်ဟပ်နေတယ်၊ မြန်မာနိုင်ငံမှာ တာဝန်ခံမှုဆိုင်ရာ မဟာဗျူဟာတစ်ရပ်ကို မြှင့်တင်ဖို့ လူ့အခွင့်အရေးကောင်စီကို တိုက်တွန်းပါကြောင်း HRW က ဆိုပါတယ်။
အထူးကိုယ်စားလှယ်ရဲ့ လက်နက်ရောင်းချမှုဆိုင်ရာ အစီရင်ခံစာ မကြာသေးမီက ထွက်ပေါ်လာပြီးနောက်မှာ မြန်မာနိုင်ငံအတွင်းကို လက်နက်တွေစီးဆင်းမှုကို တားဆီးဖို့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးကို ကောင်စီရဲ့ဆုံးဖြတ်ချက်မှာ တောင်းဆိုသင့်တယ်လို့လည်း ဆိုပါတယ်။
သက်ဆိုင်ရာ အစိုးရတွေဟာ စစ်အုပ်စုရဲ့ အလွဲသုံးစားလုပ်မှုတွေကို ရပ်တန့်ဖို့ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ တခြား ထုတ်ယူတဲ့လုပ်ငန်းတွေကနေ စစ်တပ်ရဲ့ဝင်ငွေအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ချဲ့ထွင်ပြီး ခိုင်မာစွာ ကျင့်သုံးသင့်တယ်လို့ အကြံပြုပါတယ်။
မြန်မာနိုင်ငံရဲ့ အကျပ်အတည်းဟာ ကမ္ဘာ့သတင်းခေါင်းကြီးပိုင်းကနေ ပျောက်ကွယ်သွားနိုင်ဖွယ်ရှိပေမဲ့ နိုင်ငံတဝန်းက ပြည်သူတွေဟာ သူတို့ရဲ့အခွင့်အရေးတွေအပေါ် စစ်အုပ်စုရဲ့ ကပ်ဘေးကျရောက်မှုကို ဆန့်ကျင်ကန့်ကွက်ပြီး နေ့စဉ်နဲ့အမျှ ဆက်လက်ရုန်းကန်နေရပါတယ်။
ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ စစ်အာဏာရှင်အုပ်စုအပေါ် အပြစ်ပေးဒဏ်ခတ် အရေးယူခြင်းအားဖြင့် မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်သင့်ကြောင်း HRW က ထုတ်ပြန်ထားပါတယ်။