close

ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံ ၁၄၀ ကျော်ထဲ မြန်မာက အဆင့် ၁၂၆ တွင် ရပ်တည်

နိုင်ငံပေါင်း ၁၄၆ နိုင်ငံကို လေ့လာဆန်းစစ်ထားတဲ့ သုတေသန ရလဒ်တွေအရ မြန်မာနိုင်ငံဟာ ကမ္ဘာ့ပျော်ရွှင်မှုအရှိဆုံးနိုင်ငံတွေထဲ အဆင့် ၁၂၆ မှာ ရပ်တည်နေတယ်လို့ သိရပါတယ်။

ဒီသုတေသနစစ်တမ်းမှာတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ၃ နှစ်တာအတွင်း နိုင်ငံတနိုင်ငံချင်းစီရဲ့ တဦးချင်းဝင်ငွေ (ဂျီဒီပီ)၊ လူမှုပံ့ပိုးမှု၊ ကျန်းမာပျော်ရွှင်တဲ့ မျှော်မှန်းသက်တမ်း၊ လူမှုဘဝအတွက် လွတ်လပ်စွာရွေးချယ်ခွင့်၊ ပေးကမ်းရက်ရောမှု၊ အဂတိလိုက်စားမှု ကင်းရှင်းမှု စတဲ့ စံသတ်မှတ်ချက် ၆ ခုပေါ် အခြေခံပြီး တွက်ထုတ်ယူထားတာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတော့ စင်ကာပူက အဆင့် ၂၇ မှာ ရပ်တည်နေပြီး ဖိလစ်ပိုင်က ၆၀၊ ထိုင်းက ၆၁၊ မလေးရှားက ၇၀၊ ဗီယက်နမ်က ၇၇၊ အင်ဒိုနီးရှားက ၈၇၊ လာအိုက ၉၅၊ ကမ္ဘောဒီးယားက ၁၁၄ နေရာတွေမှာ အသီးသီး ရပ်တည်နေကြပါတယ်။

တကမ္ဘာလုံးမှာတော့ ဖင်လန်နိုင်ငံက ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံအနေနဲ့ အဆင့် ၁ နေရာမှာ ရပ်တည်ခဲ့ပြီး သူ့နောက်မှာတော့ ဒိန်းမတ်၊ အိုက်စ်လန်၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ လူဇင်ဘတ်၊ ဆွီဒင်၊ နော်ဝေ၊ အစ္စရေးနဲ့ နယူးဇီလန်နိုင်ငံတွေက ထိပ်ဆုံး ၁၀ နိုင်ငံအဖြစ် အစဉ်လိုက်ရှိနေတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ယူကေနိုင်ငံတွေကတော့ အဆင့် ၁၆ နဲ့ ၁၇ ‌နေရာတွေမှာ အစဉ်လိုက် ရပ်တည်နေပြီး ဒီစာရင်းရဲ့ အောက်ဆုံးအဆင့် ၁၄၆ နေရာမှာတော့ အာဖဂန်နစ္စတန်နိုင်ငံက ရှိနေတာပါ။

ကုလသမဂ္ဂအဖွဲ့အနေနဲ့ ခုလို ကမ္ဘာ့နိုင်ငံတွေရဲ့ ပျော်ရွှင်မှုဆိုင်ရာ ညွှန်ကိန်းတွေကို လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက စတင်သုတေသနပြု ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီအချက်အလက်တွေဟာ နိုင်ငံအသီးသီးရဲ့ အစိုးရပေါ်လစီတွေ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါ ပျော်ရွှင်မှုကို စံတခုအဖြစ် သတ်မှတ်လာစေဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up