close

ရခိုင်ပြည်နယ်တောင်ပိုင်းတွင် မုန်တိုင်းဘေး ကြိုတင်ပြင်ဆင်မှုမရှိ

မုန်တိုင်းဝင်မယ်လို့ မိုးလေဝသဌာနတွေနဲ့ခန့်မှန်းသူတွေက ထုတ်ပြန်ထားပေမယ့် ရခိုင်ပြည်နယ် တောင်ပိုင်းဒေသတွေမှာ ဘာမှပြင်ဆင်တာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ဧရာဝတီတိုင်းက ဖြတ်ကျော်နေတဲ့ မုန်တိုင်းဟာ ပင်လယ်ထဲကိုရောက်ပြီး သံတွဲနဲ့ ကျိန္တလီမြို့နယ်ခွဲနဲ့ကြားကနေ ကုန်းတွင်းကို ဖြတ်ဝင်မယ်လို့ မိုးလေဝသတိုင်းတာခန့်မှန်းသူတွေနဲ့ ဌာနတွေက ဆိုပါတယ်။

“မိုက်နဲ့တော့ လိုက်ပြီးကြေညာတယ်။ ဒါပေမဲ့ ဘာမပြင်ဆင်ထားတာ မရှိဘူး။ ဒီမှာက မိုးနည်းနည်း ရွာတယ်။ ခုတော့ ငြိမ်နေတယ်” လို့ ဂွမြို့နယ် ဌာနဆိုင်ရာတခုက အရာရှိတယောက်က ပြောပါတယ်။

ဂွမြို့ ဒေသခံတယောက်ကတော့ မုန်တိုင်းသတိပေးချက် ကြေညာတာမျိုးမကြားဘူးလို့ ပြောပါတယ်။ “ဘာလည်း ပြောသံမကြားပါလား။ ခုတော့ အေးဆေးပဲ။ မိုးတော့အုံ့နေတယ်” လို့ ပြောပါတယ်။

မုန်တိုင်းဖြတ်ကျော်မယ့် အနီးဆုံးမြို့တမြို့ဖြစ်တဲ့ သံတွဲမြို့မှာတော့ မုန်တိုင်းနဲ့ပတ်သက်ပြီး ဘာမှ ကြေညာတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“သံတွဲကလူတွေကတော့ မုန်တိုင်းလာမယ်ဆိုလည်း စိုးရိမ်ကြတာတော့ မဟုတ်ဘူး။ တောင်တွေကြားမှာ ရှိတယ်ဆိုတော့ မုန်တိုင်းဆိုရင်လည်း မြို့မှာက လေပြင်းတိုက်ရုံပဲလေ။ ပင်လယ်နားကတော့ လှိုင်းကြီးတာပေါ့။ ခုလည်း မနက်က မိုးရွာတယ်။ နောက် မိုးအုံ့ပြီး ခုတော့ရွာနေတယ်။ လူတွေကတော့ ကိုယ့်ဘာသာ သတင်းနားထောင်ပြီး မိုးမမိအောင် ပြင်ဆင်ကြတာတော့ ရှိတယ်။ သူတို့ပြင်ဆင်ပေးတာ ဘာညာပြောရအောင်လည်း သူတို့က အစိုးရကြောင့်လား”လို့ ပြောပါတယ်။

အားကောင်းသောမုန်တိုင်းငယ်(Deep Depression)ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းကို ဟိုင်းကြီးကျွန်းမြို့အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်နေတဲ့အတွက် အညိုရောင်အဆင့်ဟု သတ်မှတ်တယ်လို့ မိုးဇလဌာနက ကြေညာပါတယ်။

နောက်(၂၄)နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ်ဟာ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတစ်လျှောက် ပုသိမ်မြို့အနီးမှ မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းအနီးသို့ ရောက်ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up