ထိုင်းတွင် ပါဆယ်ဖြင့်ပေးပို့သော အထုပ်ထဲမှ မြွေဟောက်တွေ့ရှိ

ထိုင်းအရှေ့မြောက်ပိုင်း ခွန်ကဲင်ခရိုင် ပို့ဆောင်ရေးကုမ္ပဏီတခုမှာ ပါဆယ်နဲ့ပို့လာတဲ့ အထုပ်တထုပ်ထဲကနေ မြွေဟောက် ၁ ကောင် တွေ့ရှိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
ခွန်ကဲန်မြို့ မြူနီစီပယ်ရပ်ကွက်ရှိ ပုဂ္ဂလိက ပို့ဆောင်ရေးကုမ္ပဏီတခုမှာ မတ် ၂၂ ရက်က မသင်္ကာဖွယ် အထုပ်တထုပ်ကို လာရောက်စစ်ဆေးပေးဖို့ အကြောင်းကြားတာကြောင့် သွားရောက်စစ်ဆေးရာက မြွေဟောက် ၁ ကောင် တွေ့ရှိတာလို့ ခွန်ကဲန်ပရဟိတ အသင်းသားတဦးက ပြောပါတယ်။
ကုမ္ပဏီဝန်ထမ်း ပြောပြချက်အရ သူဟာ မနေ့မနက်က အနယ်နယ်အရပ်ရပ်ကို ပို့ဆောင်မယ့် ပါဆယ်ထုပ်တွေ စစ်ဆေးနေစဉ် စက္ကူဂျပ်ဖာတထုပ်ဟာ အလိုလိုလှုပ်နေပြီး အကောင်တကောင်ကောင်ရဲ့ အသံပါ ကြားရကြောင်း၊ ဒါကြောင့် ပရဟတိ ကယ်ဆယ်ရေးအဖွဲ့ကို လှမ်းအကြောင်းကြားလိုက်တာလို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့က ဂျပ်ဖာကို ဖွင့်ကြည့်ရာ အထဲမှာ အဝတ်အိတ် ၁ လုံးတွေ့ကြောင်း၊ လက်နဲ့စမ်းကြည့်ရာမှာ မြွေဖြစ်နိုင်တယ်လို့ ခန့်မှန်းပြီး အဝတ်အိတ်ရဲ့ ဇစ်ကို ဆွဲဖွင့်တာနဲ့ အမှန်တကယ်ပဲ အရှည် ၄ မီတာခန့်ရှိ မြွေဟောင်တကောင် လျှောပြီး ထွက်လာတာလို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့က အဆိုပါမြွေကို ဖမ်းဆီးပြီး နမ့်ဖောင်းမြို့ရှိ မြွေဂေဟာကို ပို့ဆောင်လိုက်ကြောင်း၊ အဆိုပါအထုပ်ဟာ ပို့ဆောင်ရေးကုမ္ပဏီခွဲ တခုကနေ ထပ်ဆင့်လက်ခံရတာ ဖြစ်ပြီး အန္တရာယ်ရှိ အဆိပ်ရှိသတ္တဝါကို ပါဆယ်ကနေ ပေးပို့ရတဲ့ အကြောင်းရင်းနဲ့ လိုအပ်သလို အရေးယူဖို့ ပါဆယ်ပိုင်ရှင် နေရပ်လိပ်စာအတိုင်း ဆက်သွယ်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။