ဗြိတိန်တွင် အဆိပ်သင့်ဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော် ဘုရင်မအဲလိဇဘက် အိုလံပစ်ပန်းခြံက ရေသတ္တဝါဌာနမှာ အဆိပ်သင့်ဓာတ်ငွေ့ယိုစိမ့်အပြီး အသက်ရှူကျပ် ထိခိုက်သူတချို့ကို လန်ဒန် လူနာတင်ယာဉ်ဌာနက မတ် ၂၃ ရက်မှာ ပြုစုပေးခဲ့ရတယ်လို့ အရေးပေါ်ဌာနက ပြောပါတယ်။
အဆိပ်သင့်ဓာတ်ငွေ့ ယိုစိမ့်တဲ့နေရာကို ချက်ချင်း ဖုံးအုပ်ကာရံထားပြီး လူတွေကို ဘေးကင်းရာ ဖယ်ထုတ်ပြီးပြီလို့ ပန်းခြံကို စီမံခန့်ခွဲတဲ့ လန်ဒန် လေဂစီ ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း (LLDC) က ပြောပါတယ်။
“ရေသတ္တဝါဌာနမှာ အကြီးစား မတော်တဆဖြစ်လို့ တုံ့ပြန်ဆောင်ရွက်နေတယ်”လို့ လန်ဒန် လူနာတင်ယာဉ်ဌာနက ပြောပါတယ်။
ရေကူးကန်အပြင်ဘက်မှာ လူနာတင်ယာဉ် တဒါဇင်ကျော်ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေလည်း တွစ်တာ လူမှုကွန်ရက်ပေါ်မှာ တွေ့ရပါတယ်။ ဒီဖြစ်ရပ်မှာ အဆိပ်သင့် ဓာတ်ငွေ့တွေ ပါဝင်ပတ်သက်နေတယ်လို့ မြို့တော်ရဲတပ်ဖွဲ့က ပြောပါတယ်။